အမေရိကန်၏ နိုင်ငံတော်ကြွေးမြီ အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံအထိ စံချိန်တင် မြင့်တက်လာ

ဩဂုတ်လ ၂၁ ရက်၊ ၂၀၂၆
ကာကွယ်ရေးစရိတ်များ၊ လူမှုဖူလုံရေးနှင့် ဆေးဝါးစောင့်ရှောက်ရေး (Medicare) အစီအစဉ်များအပါအဝင် တိုးပွားလာသော ဘတ်ဂျက်လိုငွေပြမှု အတိုးနှုန်း ပေးဆပ်ရမှုများကြောင့် အမေရိကန်၏ နိုင်ငံတော်ကြွေးမြီမှာ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံကျော်အထိ ရောက်ရှိကာ စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။
ယခုစံချိန်တင် ကိန်းဂဏန်းသည် ပြီးခဲ့သည့် မတ်လက ဒေါ်လာ ၃၉ ထရီလီယံ စံချိန်တင်ခဲ့ပြီးနောက် ၅ လအကြာတွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ယင်းမတိုင်မီ ၅ လကလည်း ဒေါ်လာ ၃၈ ထရီလီယံသို့ ရောက်ရှိခဲ့ဖူးတာကြောင့် ကြွေးမြီမှာ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ စံချိန်တင် ကြွေးမြီ ဒေါ်လာ ၄၀ ထရီလီယံအထိ ရောက်ရှိလာခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၆ လနီးပါး ကြာမြင့်နေပြီဖြစ်သော အီရန်စစ်ပွဲအတွက် ကာကွယ်ရေးစရိတ်များ တိုးမြှင့်သုံးစွဲနေရခြင်း၊ စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများကို လျှော့ချရန် ကြိုးပမ်းနေရခြင်း စသည့် အစိုးရ၏ ဦးစားပေး ဆောင်ရွက်ချက်များအကြား စိန်ခေါ်မှုများကို ပေါ်လွင်စေတယ်လို့ သုံးသပ်ရပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ခူးရှ် ဒေဆိုင်း (Kush Desai) ကမူ ထရန့်အစိုးရအဖွဲ့အနေဖြင့် ကြွေးမြီနှင့် စီးပွားရေးထုတ်ကုန် အချိုး (debt-to-GDP ratio) ကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရန် စီးပွားရေး တိုးတက်မှုကို အရှိန်မြှင့်တင်ရင်း ဖက်ဒရယ် အသုံးစရိတ်များတွင် လေလွင့်ပြုန်းတီးမှု၊ လိမ်လည်မှုနှင့် အလွဲသုံးစားမှုများကို လျှော့ချရန် အာရုံစိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ကြွေးမြီများ တဟုန်ထိုး မြင့်တက်လာခြင်းသည် အိမ်ခြံမြေနှင့် မော်တော်ယာဉ် ချေးငွေအတိုးနှုန်းများကို မြင့်တက်စေခြင်း၊ ရင်းနှီးမြှုပ်နှံမှု နည်းပါးသွားသော စီးပွားရေးလုပ်ငန်းများမှ လုပ်ခလစာများကို လျှော့ချစေခြင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှု စရိတ်များကို ပိုမိုကြီးမြင့်လာစေခြင်းတို့ဖြင့် ပြည်သူများ၏ အိတ်ကပ်ကို တိုက်ရိုက်ရိုက်ခတ်နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။ Peter G. Peterson ဖောင်ဒေးရှင်း၏ စီအီးအို မိုက်ကယ် အေ ပီတာဆန် (Michael A. Peterson) ကလည်း ဥပဒေပြုအမတ်များအနေဖြင့် ဤနာတာရှည် ကြွေးမြီပြဿနာကို ရေရှည်တည်တံ့သည့် လမ်းကြောင်းပေါ် တင်ပေးရမည့် အချိန်တန်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံတွင် သမ္မတအဆက်ဆက် လက်ထက်များ၌ အခွန်ကောက်ခံရရှိသည်ထက် ပိုမိုသုံးစွဲခဲ့ကြသဖြင့် ကြွေးမြီမှာ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သမ္မတထရန့်၏ ပထမသက်တမ်းနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်တို့တွင် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဖက်ဒရယ်အစိုးရက ငွေကြေးအများအပြား ချေးယူခဲ့ရသလို၊ လွန်ခဲ့သည့်နှစ်တွင် သမ္မတထရန့် လက်မှတ်ရေးထိုးခဲ့သည့် အခွန်လျှော့ချရေးနှင့် အသုံးစရိတ် ဥပဒေကြောင့်လည်း အစိုးရအသုံးစရိတ် ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
Bipartisan Policy Center ၏ ဥက္ကဋ္ဌနှင့် စီအီးအို မာဂရက် စပယ်လင်းဆ် (Margaret Spellings) က လက်ရှိ ဘဏ္ဍာရေး လမ်းကြောင်းသည် သိသိသာသာ ရေရှည်မတည်တံ့နိုင်တော့ဘဲ AI ရဲ့ ရိုက်ခတ်မှုများ၊ စီးပွားရေး ကျဆင်းမှု သို့မဟုတ် ကမ္ဘာ့စစ်ပွဲများ ဖြစ်ပွားပါက စိန်ခေါ်မှုမှသည် အပြည့်အဝ ကြီးမားသည့် အကျပ်အတည်းတစ်ခုဆီသို့ မြန်မြန်ဆန်ဆန် တွန်းပို့သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ထို့အပြင် ၂၀၂၇ ခုနှစ်အတွင်း အမေရိကန်၏ ကြွေးမြီမှာ ကန့်သတ်ချက် ဒေါ်လာ ၄၁ ဒသမ ၁ ထရီလီယံသို့ ရောက်ရှိနိုင်ခြေရှိပြီး ကွန်ဂရက်လွှတ်တော်အနေဖြင့် ယင်းကို တိုးမြှင့်ရန် သို့မဟုတ် ဆိုင်းငံ့ထားရန် ထပ်မံမဲခွဲဆုံးဖြတ်ရမည်ဖြစ်ကြောင်း Bipartisan Policy Center က ခန့်မှန်းထားသလို၊ OECD ၏ ဒေတာဆန်းစစ်ချက်များအရလည်း အမေရိကန်၏ ဘဏ္ဍာရေး အခြေအနေသည် အခြားဖွံ့ဖြိုးပြီး နိုင်ငံများအကြား အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရပါတယ်။
