မင်းလှနဲ့ ပြည်ကြီးတံခွန်မှာ ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄ သန်းကျော် ဖမ်းဆီးရမိ

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆
ရခိုင်ပြည်နယ်ဘက်ကို သယ်ဆောင်ရောင်းဝယ်မယ့် ငွေကျပ် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂၄ သန်းကျော်ကို မကွေးတိုင်း မင်းလှမြို့နယ်နဲ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တို့မှာ ကွင်းဆက် တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာတော့ ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက မင်းလှမြို့နယ်၊ သရက်-မင်းလှ သွားကားလမ်းပေါ်မှာ မော်တော်ယာဉ် ၂ စီးကို သတင်းအရ တားဆီးရှာဖွေရာကနေ စိတ်ကြွဆေးပြား ၉၇ သိန်းခွဲကို စတင်ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီနောက် ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်ခဲ့ရာမှာတော့ နောင်ချို၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင် တိုးဂိတ်တို့မှာ ပါဝင်ပတ်သက်သူတွေကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ပါတယ်။


ဩဂုတ် ၁၃ ရက်မှာတော့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ခြံဝင်းနှစ်ခုအတွင်း ရပ်ထားတဲ့ ကား ၄ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၁၄၄ သိန်း ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၂၄ ဒသမ ၁၅ သန်း (ကာလတန်ဖိုး ကျပ် ၃၆ ဒသမ ၂၂၅ ဘီလီယံ) အထိ ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ ဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် ဝမ်ဟိုင်းဘက်ကနေ မကွေးတိုင်း မင်းတုန်းမြို့နယ်ဆီ သယ်ဆောင်ပြီး အဲဒီမှတစ်ဆင့် AA အဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံတွေဆီ ပေးပို့ဖို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ရာက ရရှိထားတဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ပါ ဆက်လက်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
