// | DailyBriefNews မြန်မာအာကာသယာဉ်မှူးများ ရွေးချယ်လေ့ကျင့်ရေးအပါအဝင် မြန်မာ-ရုရှား အာကာသ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုး -

မြန်မာအာကာသယာဉ်မှူးများ ရွေးချယ်လေ့ကျင့်ရေးအပါအဝင် မြန်မာ-ရုရှား အာကာသ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုး

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၆

မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (Roscosmos) တို့အကြား ဂြိုဟ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသည့် အာကာသခရီးစဉ်များ၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT) နှင့် ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက် သတိပေးစနစ် (ASPOS) နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို သြဂုတ် ၁၈ ရက်နေ့လယ်ပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂြိုဟ်တုလမ်းညွှန် အချက်အလက် တိုင်းတာလေ့လာရေးစခန်း တည်ဆောက်ခြင်း၊ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်း အရေးပေါ်အခြေအနေများတွင် အချိန်တိုအတွင်း တိကျစွာ ရှာဖွေကယ်ဆယ်နိုင်မည့် မြေပြင်အခြေစိုက်စခန်း တည်ဆောက်ခြင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

ထို့ပြင် အာကာသယာဉ်များ နီးကပ်လာမှု အန္တရာယ်နှင့် အမှိုက်သရိုက်များကို ခန့်မှန်းသုတေသနပြုနိုင်ရေး အလင်းနှင့် အီလက်ထရောနစ် တယ်လီစကုပ်စခန်း တည်ဆောက်သွားမည်ဖြစ်ပြီး၊ မြန်မာအာကာသယာဉ်မှူးများကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) သို့ စေလွှတ်၍ သိပ္ပံသုတေသန စမ်းသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် ရွေးချယ်လေ့ကျင့်ပေးရေး စသည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားကို ချစ်ကြည်ရေးခရီးသွားမယ်လို့ အထက်လွှတ်တော် အတည်ပြု
Next post ရုရှားနိုင်ငံ Plekhanov တက္ကသိုလ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်း