// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားကို ချစ်ကြည်ရေးခရီးသွားမယ်လို့ အထက်လွှတ်တော် အတည်ပြု -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားကို ချစ်ကြည်ရေးခရီးသွားမယ်လို့ အထက်လွှတ်တော် အတည်ပြု

Screenshot_2026-08-18-15-51-14-814_com.android.chrome

ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေဖို့အတွက် လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မှာဖြစ်တယ်လို့ ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်ခဲ့အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ်လည်း အများက ရှုမြင်နေကြပါတယ်။

ကမ္ဘောဒီးယား အထက်လွှတ်တော်ရဲ့ အတည်ပြုချက်အရ နန်းတော်ရေးရာဝန်ကြီး ကူအီဆိုဖားလ် (Kuy Sophal) နဲ့ တာဝန်ရှိသူတွေဟာ မြန်မာသမ္မတကို ကြိုဆိုဧည့်ခံမယ့် နေရာတွေကို သွားရောက် ကြည့်ရှုစစ်ဆေးနေပြီဖြစ်ပါတယ်။ အထက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ချားသီရစ် (Chea Thyrith) ကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အင်စတီကျူရဲ့ ဥက္ကဋ္ဌ ကင် ဖီးယား (Kin Phea) က ယခုခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ လုပ်ဆောင်တာဖြစ်သလို၊ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတအဖြစ် တရားဝင်မှုနဲ့ အာဏာကို ခိုင်မာစေဖို့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားအနေနဲ့ ယခင်က ဖြတ်သန်းခဲ့ဖူးတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေကိုလည်း မျှဝေပေးနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို မြန်မာနိုင်ငံ ပြန်လည်တက်ရောက်ခွင့် ရရှိရေးကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်မှုအပေါ်မှာပဲ မူတည်နေပြီး ကမ္ဘောဒီးယား တစ်နိုင်ငံတည်းက ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလို့လည်း ကင် ဖီးယားက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ယူကရိန်းကို ဒရုန်းတွေ ထောက်ပံ့ပေးနေတဲ့ ဗြိတိန်ကို ရုရှားက သတိပေး
Next post မြန်မာအာကာသယာဉ်မှူးများ ရွေးချယ်လေ့ကျင့်ရေးအပါအဝင် မြန်မာ-ရုရှား အာကာသ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုး