သာစည်နှင့် ပျော်ဘွယ်မြို့တို့တွင် ရထားလမ်းခုံးကျော်တံတားများ တည်ဆောက်ရန် လျာထား

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆
မန္တလေးတိုင်းဒေသကြီးထဲက သာစည်မြို့နယ်နဲ့ ပျော်ဘွယ်မြို့တို့မှာ ရထားလမ်း ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ လျာထားဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
သာစည်ရထားလမ်း ခုံးကျော်တံတားကို မိတ္ထီလာခရိုင်၊ သာစည်မြို့ ပြည်ထောင်စုလမ်းမကြီး (AH2) မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုင်တိုင်အမှတ် (၁၃/၀-၁) အကြား ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့နေရာမှာ တည်ဆောက်မှာဖြစ်ပြီး၊ ပျော်ဘွယ်ရထားလမ်း ခုံးကျော်တံတားကိုတော့ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့လယ်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီး (AH1) ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်တိုင်အမှတ် (၂၈၅/၇-၂၈၆/၀) အကြားမှာ တည်ဆောက်ဖို့ လျာထားတာဖြစ်ပါတယ်။
မနေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်ဟာ အဲဒီတံတား တည်ဆောက်မယ့် နေရာတွေမှာ ပဏာမတိုင်းတာ လေ့လာနေတာတွေကို သွားရောက်ကြည့်ရှုခဲ့သလို ကျောက်ဆည်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း MNBC 2025 စံချိန်စံညွှန်းတွေနဲ့အညီ စနစ်တကျ ဆောင်ရွက်ဖို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
