// | DailyBriefNews ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ကျောက်တံတားမြို့နယ်တွင် လမ်းဘေးစျေးသည်များ ငါးရက်ကြာ ပိတ်ထားရန် လိုက်လံကြေညာ -

ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ကျောက်တံတားမြို့နယ်တွင် လမ်းဘေးစျေးသည်များ ငါးရက်ကြာ ပိတ်ထားရန် လိုက်လံကြေညာ

photo_2026-08-13_13-26-53

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆

ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ကျောက်တံတားမြို့နယ်တွင် လမ်းဘေးစျေးသည်များ ဩဂုတ် ၁၃ ရက်က စတင်၍ ငါးရက်ကြာ ပိတ်ထားရန် ဩဂုတ် ၁၂ ရက် ညပိုင်းက လိုက်လံကြေညာခဲ့ကြောင်း သိရပါတယ်။

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချမှုများကို နောက်ငါးရက်အတွင်း စျေးရောင်းခြင်း တားမြစ်ကြောင်းနှင့် ရောဂါအခြေအနေပေါ် မူတည်၍ စျေးပြန်လည်ရောင်းချခြင်းကို အသိပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက လိုက်လံဆော်ဩခဲ့ခြင်းဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က “ဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သက်ပြီး စျေးဆိုင်တွေကို ၅ ရက် မဖွင့်ထားဖို့ လိုက်ပြီး ဆော်ဩပေးနေပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီးတော့မှ ရက်ထပ်တိုးတယ်၊ မတိုးဘူးပေါ့နော်။ ရောဂါအခြေအနေထပ်ပြီး မပြန့်ပွားအောင်လို့ တားလို့ရတဲ့နေရာကနေ တားထားတဲ့သဘောပါ” ဟု ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့လယ် လေးမြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်) တွင်ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတင်ပို့ကုသခံနေရသူ ၁၈၀ ကျော်အနက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ ၅၄ ဦးရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဩဂုတ် ၁၃ ရက်တွင် သိရပါတယ်။

ရန်ကုန်မြို့လယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအပေါ် တားဆီးကာကွယ်ရေးလုပ်ဆောင်နေမှုနှင့် ပတ်သက်၍ MT News သတင်းဌာန၏ မေးမြန်းချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြေကြားချက်အရ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိဝမ်းပျက်/ဝမ်းလျှော လူနာ (၂၈)ဦးရောက်ရှိလာခဲ့ပြီး ၁၁ ရက်နေ့တွင် လူနာသစ် (၇၀) ဦးထပ်မံရောက်ရှိလာခဲ့ပါတယ်။

ဩဂုတ် ၁၁ ရက်နေ့အထိ ဆေးရုံတက်လူနာ (၉၈) ဦးအနက် ဆေးရုံဆင်းသွားသူ (၈)ဦးရှိပြီး အသက် ၉၂ အရွယ်သက်ကြီးလူနာတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ထို့နောက် ဩဂုတ် ၁၂ ရက်နေ့တွင်လူနာသစ် (၈၄)ဦးထပ်မံရောက်ရှိလာပြီး ယနေ့အထိ ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ(၅၄) ဦးရှိနေသည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဩဂုတ် ၁၃ ရက်နံနက် ဖြေကြားချက်တွင် ပါရှိပါတယ်။

လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာစီမခန့်ခွဲမူ လုပ်ငန်းကော်မတီ၏ ဦးဆောင်မူဖြင့် ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ စည်ပင်၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်ထွေ/အုပ်တို့ပူးပေါင်း၍ အစားအသောက်နှင့်ရေများအား စစ်ဆေးမူများဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန်၌ မီးပွိုင့် ၃၅၇ ပွိုင့်ရှိပြီး ယာဉ်ထိန်းရဲ အင်အား ၁,၀၀၀ ကျော် လိုအပ်နေကြောင်း တိုင်းလွှတ်တော်တွင် ရှင်းလင်း
Next post သံအမတ်ကြီးနေအိမ်မှ ထွက်ခွာရန် ငြင်းဆန်ခဲ့သည့် ဦးကျော်စွာမင်းကို ဗြိတိန်အစိုးရက တရားစွဲဆိုမှု တရားခွင်စတင်