တောင်ကိုရီးယားတွင် မြန်မာလုပ်သား သေဆုံးမှု- အလုပ်ချိန် ပိုမိုခိုင်းစေမှုနှင့် လုပ်ခလစာ ခွဲခြားဆက်ဆံမှုများ ပေါ်ပေါက်

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆
တောင်ကိုရီးယားနိုင်ငံ၊ KTX အမြန်ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က အသက် ၃၇ နှစ်အရွယ် မြန်မာလုပ်သား ကိုအောင်မင်းဦး သေဆုံးခဲ့မှုတွင် ၎င်းသည် တစ်လလျှင် နာရီပေါင်း ၃၅၅ နာရီကျော် (တစ်ရက်လျှင် ပျမ်းမျှ ၁၁ နာရီကျော်) အထိ အလွန်အမင်း အလုပ်လုပ်ခဲ့ရကြောင်း လစာ မှတ်တမ်းများအရ ပေါ်ပေါက်လာခဲ့ပါတယ်။ Korea National Railway မှ တိုးတက်ရေးပါတီ လွှတ်တော်အမတ် Yoon Jong-oh ထံ တင်ပြသည့် မှတ်တမ်းများအရ ကိုအောင်မင်းဦးသည် တစ်လလုံး နားရက်မရှိဘဲ ၁၆ နာရီမှ နာရီ ၂၀ အထိ ဆက်တိုက် အလုပ်လုပ်ခဲ့ရသည့် လများရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။
ကိုအောင်မင်းဦးသည် အာဆန်မြို့ရှိ လုပ်ငန်းခွင်၌ ကွန်ဗေယာဘတ် စက်ပစ္စည်းကို တစ်ဦးတည်း စစ်ဆေးစဉ် အရေးပေါ်ရပ်တန့်စက် မပါရှိသဖြင့် ညပ်မိကာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် ကိုရီးယား၏ တစ်ပတ်လျှင် ၅၂ နာရီ အလုပ်လုပ်ခွင့် ကန့်သတ်ချက်ထက် ပိုမိုခိုင်းစေမှု၊ ရွှေ့ပြောင်းလုပ်သားများအား ကိုရီးယား လုပ်သားများထက် လုပ်ခလစာ လျှော့ပေးမှု အပါအဝင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး လျစ်လျူရှုမှုများ ပေါ်ပေါက်လာခဲ့ပါတယ်။ သေဆုံးသူ၏ မိသားစုကို ပင်မ ကန်ထရိုက်တာ SK Ecoplant က တောင်းပန်ခဲ့ပြီး လွှတ်တော်အမတ် Yoon ကလည်း အစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် လုပ်ငန်းခွင်များအား စုံစမ်းစစ်ဆေးရန် တောင်းဆိုထားကြောင်း သိရပါတယ်။
