// | DailyBriefNews ဖိလစ်ပိုင်မြို့တော် မနီလာနှင့် ပြည်နယ် ၃၃ ခု၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၁၂ ဦး သေဆုံး၊ ၈ ဦး ပျောက်ဆုံးနေ -

ဖိလစ်ပိုင်မြို့တော် မနီလာနှင့် ပြည်နယ် ၃၃ ခု၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၁၂ ဦး သေဆုံး၊ ၈ ဦး ပျောက်ဆုံးနေ

ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၏ ပင်မကျွန်းကြီးဖြစ်သော လူဇွန် (Luzon) ကျွန်းနှင့် မြို့တော် မနီလာ အပါအဝင် ပြည်နယ် ၃၃ ခု၌ မုတ်သုံမိုး ဆက်တိုက် ရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးကာ ၈ ဦး ပျောက်ဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အပူပိုင်း မုန်တိုင်းနှစ်ခုကြောင့် အားကောင်းလာသော မုတ်သုံလေကြောင့် ပြည်သူ ၅ သိန်းကျော် ရေဘေးသင့်ခဲ့ရကာ နေအိမ်များနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် လူပေါင်း ၉၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးမှုများမှာ ဘန်းဂတ်၊ ရီဇားလ်၊ ဘာတန်ဂတ်စ် နှင့် ဘာဂီယိုမြို့တို့တွင် အဓိက ဖြစ်ပွားခဲ့ပြီး ဘာဂီယိုမြို့ မြေပြိုမှုအတွင်း ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားများက ဆက်လက် ရှာဖွေလျက်ရှိပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ရွာများနှင့် အဓိက လမ်းမကြီးများ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သဖြင့် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က အစိုးရဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ကြရန်နှင့် မနီလာ မြို့တော်ဧရိယာ အပါအဝင် ပြည်နယ် ၁၂ ခု၌ ကျောင်းများကို အွန်လိုင်းမှတစ်ဆင့် ပြောင်းလဲ သင်ကြားရန် ညွှန်ကြားခဲ့ပါတယ်။ ထို့အပြင် ရေကြောင်းသွားလာမှုများကိုလည်း ဆိုင်းငံ့ထားရပြီး မိုးလေဝသဌာနက မိုး ပိုမိုသည်းထန်စွာ ရွာသွန်းနိုင်သေးကြောင်း သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောင်းအတွင်း လေဖိအားသုံး သေနတ်နှင့် လက်နက်များ တွေ့ရှိမှုကြောင့် အင်ဒိုနီးရှားတွင် အွန်လိုင်း သင်ကြားရေးသို့ ပြောင်းလဲ
Next post ဟောင်ကောင်အခြေစိုက် IOMed အဖွဲ့က နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန် အသင့်ဖြစ်နေပြီဟု ဆို