// | DailyBriefNews မြန်မာနှင့် ပါကစ္စတန် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းများဖွဲ့စည်းခြင်း စတင်ဆောင်ရွက်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား -

မြန်မာနှင့် ပါကစ္စတန် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းများဖွဲ့စည်းခြင်း စတင်ဆောင်ရွက်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြား

ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၆

မြန်မာနဲ့ ပါကစ္စတန် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းတွေ စတင်ဖွဲ့စည်းဆောင်ရွက်ဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim နဲ့ ဇူလိုင် ၂၈ ရက်နေ့က နေပြည်တော် ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ တွေ့ဆုံစဉ်မှာ ဦးခင်ရီက လက်ရှိ ပြည်သူ့လွှတ်တော်မှာ ကော်မတီ ၂၂ ခု ဖွဲ့စည်းထားပြီး အဲဒီအထဲမှာ နိုင်ငံတကာဆက်ဆံရေးကော်မတီလည်း ပါဝင်ကြောင်း၊ ပါကစ္စတန် အောက်လွှတ်တော်အနေနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းတွေ (Parliamentary Friendship Groups) ဖွဲ့စည်းထားတာကို သိရတဲ့အတွက် သံအမတ်ကြီး တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်း ဖွဲ့စည်းတာကို စတင်ဆောင်ရွက်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ ကော်မတီချင်း ဆက်ဆံရေး၊ အမျိုးသမီးနဲ့ လူငယ်လွှတ်တော်ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲတွေ ပူးပေါင်းဆောင်ရွက်သွားချင်ပြီး လွှတ်တော်နဲ့ ထိတွေ့ဆက်ဆံဖို့ အမြဲတံခါးဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။ ပါကစ္စတန် သံအမတ်ကြီးကလည်း နှစ်နိုင်ငံလွှတ်တော် ချစ်ကြည်ရေးအသင်း ဖွဲ့စည်းမယ့်ကိစ္စကို အထူးထောက်ခံကြောင်း၊ အစိုးရချင်းတင် မဟုတ်ဘဲ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်တာဟာ ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမှာဖြစ်လို့ အလွန်အရေးကြီးကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ချင်ကြောင်းနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအမွေအနှစ်တွေ ထွန်းကားတဲ့ ပါကစ္စတန်နိုင်ငံ Taxila မြို့ကိုလည်း မြန်မာပြည်သူတွေ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ရင်း လွှတ်တော်အချင်းချင်းနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်နိုင်အောင် ကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တောင်သူလယ်သမားများ ထုတ်ကုန်ထွက်ရှိချိန်ရောက်မှ ကြီးမားသည့် ဈေးကွက်အပြောင်း အလဲများကြောင့် ဆုံးရှုံးနစ်နာမှုမဖြစ်ရအောင် သတိပေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဒုတိယ သမ္မတ ဒေါ်နန်းနီနီအေး ပြောကြား
Next post ပါကစ္စတန်နိုင်ငံ၌ စစ်သွေးကြွဆန့်ကျင်ရေးဆန္ဒပြပွဲတွင် အသေခံဗုံးခွဲသမား၏ တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရရှိ