သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၁၂၆ ခုက ဒေါ်လာ သန်း ၂၃၀၀ ကျော် မြှုပ်နှံထားကြောင်းနှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြရန်လည်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား





ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၆
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ယခင်ကထက် ပိုမြှင့်တင်ကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။
ပွဲအစမှာတော့ ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အနုပညာရှင်တွေက “နန်းတွင်းအက တေးအလှ” ယိမ်းအကနဲ့ ဂုဏ်ပြုဖျော်ဖြေခဲ့ကြပါတယ်။
အဲဒီနောက် သမ္မတက အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာနဲ့ ဂျပန် ပြည်သူတွေကြားက အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှုနဲ့ သံယောဇဉ်တွေဟာ သမိုင်းမှာ စံပြုရလောက်အောင် ခိုင်မာခဲ့သလို ၁၉၅၄ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ သံတမန်ဆက်ဆံရေးဟာလည်း အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြန်မာပြည်သူတွေရဲ့ လူမှုဘဝနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး အထောက်အကူပြုခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း ပြောသွားခဲ့ပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်မှု (Bilateral Trade) ပမာဏတွေကို ကြည့်ရင်လည်း –
- ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ – အမေရိကန်ဒေါ်လာ ၁,၃၃၄ ဒသမ ၇၉၅ သန်း
- ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ – အမေရိကန်ဒေါ်လာ ၁,၁၉၄ ဒသမ ၃၉၄ သန်း
- ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ – အမေရိကန်ဒေါ်လာ ၁,၃၄၃ ဒသမ ၆၆၅ သန်း အသီးသီး ရှိခဲ့လို့ ကုန်သွယ်မှု ပမာဏ တိုးတက်လာတာကို တွေ့ရတယ်လို့ သမ္မတက ဆိုပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကနေ ဂျပန်ကို ဒေါ်လာ ၁,၀၅၈ ဒသမ ၅၈ သန်းဖိုး တင်ပို့ခဲ့ပြီး ဂျပန်ဘက်ကနေ ဒေါ်လာ ၁၃၅ ဒသမ ၈၁ သန်းဖိုး ပြန်တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဂျပန်ဟာ မြန်မာနိုင်ငံရဲ့ ၆ ခုမြောက် အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပြီး စုစုပေါင်း ကုန်သွယ်မှုရဲ့ ၄ ဒသမ ၃၈ ရာခိုင်နှုန်းကို တာဝန်ယူထားတာပါ။
မြန်မာကနေ ဂျပန်ကို အထည်ချုပ်၊ ဖိနပ်ပစ္စည်း၊ ပဲမျိုးစုံ၊ ပုလဲနဲ့ လျှပ်စစ်ပစ္စည်းတွေကို အဓိက တင်ပို့ခဲ့ပြီး၊ ဂျပန်ဘက်ကတော့ အထည်အလိပ်၊ သယ်ယူပို့ဆောင်ရေးပစ္စည်း၊ လျှပ်စစ်နဲ့ စက်ပစ္စည်းမျိုးစုံကို ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာလည်း ဂျပန်ဟာ အဓိကကျတဲ့ နိုင်ငံဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန် (Thilawa SEZ) ဟာဆိုရင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ စက်မှုဇုန်၊ ကုန်ထုတ်လုပ်မှု၊ Logistics၊ စွမ်းအင်နဲ့ ဝန်ဆောင်မှု ပိုင်းတွေမှာ ဂျပန်ဘက်က ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ အချက်အလက်အချို့ကတော့ –
- ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း ရှိလို့ အများဆုံး ပါဝင်နေတာပါ။
- ဂျပန်ကုမ္ပဏီပေါင်း ၅၀ ကျော် လာရောက် လုပ်ကိုင်နေပါတယ်။
- ၂၀၁၄ ကနေ ၂၀၂၆ မတ်လအထိ ဂျပန်အပါအဝင် ပြည်ပနိုင်ငံ ၂၁ နိုင်ငံနဲ့ ပြည်တွင်းက ကုမ္ပဏီ စုစုပေါင်း ၁၂၆ ခု ကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂,၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာလည်း သီလဝါဇုန်ထဲက စက်ရုံတွေ လျှပ်စစ်မီး မှန်မှန်ရရှိရေးနဲ့ One-Stop Service အပါအဝင် လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုချောမွေ့အောင် အစိုးရဘက်က အလေးထား ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
အခု ကျင်းပတဲ့ စီးပွားရေးဖိုရမ်ကနေတစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်မှုကို ပိုမိုမြှင့်တင်နိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ပြည်တွင်း MSME လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ကုန်ကြမ်းကွင်းဆက် ခိုင်မာအောင် လုပ်ဆောင်နေတာမို့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း မြန်မာ့စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းတွေကို အသုံးပြုတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု အဆင့်မြင့် နည်းပညာကဏ္ဍတွေမှာ ပိုမိုတိုးမြှင့် ရင်းနှီးမြှုပ်နှံကြဖို့ သမ္မတက ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။







မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်မှာ နိုင်ငံတော်သမ္မတက ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် MSME နဲ့ SME လုပ်ငန်းတွေက အဓိက အရေးပါခဲ့သလို မြန်မာနိုင်ငံမှာလည်း အဆိုပါကဏ္ဍကို တွန်းအားပေး ဆောင်ရွက်နေတာမို့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ၉ ခုမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ဒေါ်လာ ၁,၈၆၉ သန်းကျော် တန်ဖိုးရှိတဲ့ လုပ်ငန်းပေါင်း ၁၂၇ ခု လာရောက် ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်ကုမ္ပဏီ ၃၀၀ ခန့်နဲ့ ဂျပန်နိုင်ငံသား ၁,၅၀၀ ကျော် မြန်မာနိုင်ငံမှာ ပုံမှန် နေထိုင်လုပ်ကိုင်လျက် ရှိပါတယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ လူဦးရေများပြားတဲ့ အိမ်နီးချင်းနိုင်ငံတွေကြား အချက်အချာကျတဲ့ နေရာမှာ တည်ရှိပြီး စိုက်ပျိုးရေး အခြေခံကောင်းများနဲ့ လူ့စွမ်းအား၊ သယံဇာတ ပေါကြွယ်ဝတာကြောင့် ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါး၊ လျှပ်စစ်သုံးယာဉ် (EV) နဲ့ ရာဘာအခြေခံ ထုတ်ကုန်လုပ်ငန်းတွေအပြင် စွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးနဲ့ နည်းပညာ ကဏ္ဍတွေမှာပါ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုလွယ်ကူရှင်းလင်းအောင် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲရေးအတွက် “မြန်မာ ဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀” ကို ရေးဆွဲဆောင်ရွက်နေသလို မြန်မာနိုင်ငံ အလယ်ပိုင်းက ဧက ၁၀,၀၀၀ ကျယ်ဝန်းတဲ့ ရတနာပုံ ဆိုက်ဘာစီးတီး စီမံကိန်းမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ သယံဇာတနဲ့ လူငယ်လုပ်သား အင်အားတွေကို ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးနဲ့ စီမံခန့်ခွဲမှု အတွေ့အကြုံတွေနဲ့ ပေါင်းစပ်လိုက်ရင် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိမယ့် Win-Win စီးပွားရေး ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မှာဖြစ်ပြီး အစိုးရဘက်ကလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို အတ်နိုင်ဆုံး ပေးသွားမှာ ဖြစ်ပါတယ်။ မီးမောင်းထိုးပြချင်တာကတော့ တက်ရောက်လာကြတဲ့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ပုံမှန်လည်ပတ် အေးချမ်းနေတဲ့ အခြေအနေမှန်တွေကို မိခင်နိုင်ငံဆီ သတင်းစကား ပြန်လည် ဖြန့်ဝေပေးစေလိုကြောင်းနဲ့ ဒီဖိုရမ်ကနေတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ပိုမို ခိုင်မာလာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။
