// | DailyBriefNews အာဂျင်တီးနားသမ္မတ မီလီက ဘရာဇီးသမ္မတကို တရားခံ၊ သူခိုးဟု ဆိုခဲ့မှုကြောင့် ဘရာဇီးအစိုးရက အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ပြန်လည်ခေါ်ယူ -

အာဂျင်တီးနားသမ္မတ မီလီက ဘရာဇီးသမ္မတကို တရားခံ၊ သူခိုးဟု ဆိုခဲ့မှုကြောင့် ဘရာဇီးအစိုးရက အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ပြန်လည်ခေါ်ယူ

photo_2026-07-27_17-17-27

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၆ ရက်

အာဂျင်တီးနားသမ္မတ ဂျာဗီယာ မီလီ (Javier Milei) က ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗာ (Luiz Inacio Lula da Silva) ကို “တရားခံ” နဲ့ “သူခိုး” လို့ သုံးနှုန်းစော်ကားခဲ့တာကြောင့် ဘရာဇီးအစိုးရက အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြန်လည်ခေါ်ယူလိုက်ပါတယ်။

အာဂျင်တီးနားသမ္မတ မီလီဟာ ဇူလိုင်လ ၂၅ ရက်နေ့က ဘရာဇီးနိုင်ငံ၊ ဆောပေါလိုမြို့ကို သွားရောက်ခဲ့တာဖြစ်ပြီး လက်ယာစွန်းရောက် သမ္မတဟောင်း ဂျိုင်ယာ ဘိုဆိုနာရိုရဲ့ သားဖြစ်သူ သမ္မတလောင်း ဖလာဗီယို ဘိုဆိုနာရို (Flavio Bolsonaro) ရဲ့ နိုင်ငံရေးအခမ်းအနားတစ်ခုကို တက်ရောက်ဝန်းရံပေးခဲ့တာပါ။ အဆိုပါအခမ်းအနား မိန့်ခွန်းမှာ မီလီဟာ ဘရာဇီးရဲ့ လက်ဝဲယိမ်းသမ္မတ လူလာရဲ့ အမည်ကို တိတိကျကျ မပြောခဲ့ပေမဲ့ “တရားခံ”၊ “ဥပဒေချိုးဖောက်တဲ့ ဆိုးသွမ်းသူ” နဲ့ “သူခိုး” လို့ ကောက်ချက်ချ ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘရာဇီး တရားရုံးချုပ်တရားသူကြီး အလက်ဇန်းဒါးဒီ မိုရေးကိုလည်း အမည်တပ်မပြောဘဲ “ခေါင်းပြောင်ပြောင်နဲ့ တန်ဖိုးမရှိတဲ့လူ” လို့ သရော်စော်ကားခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက “မိမိတို့နိုင်ငံပိုင်နက်အတွင်း နိုင်ငံခြားသမ္မတတစ်ဦးက နိုင်ငံတော်အကြီးအကဲ၊ တရားစီရင်ရေး အပါအဝင် ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို လာရောက်စော်ကား ပြစ်မှုကျူးလွန်တာမျိုး အရင်က စံချိန်စံညွှန်း မရှိခဲ့ဖူးပါဘူး” လို့ ပြင်းပြင်းထန်ထန် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် သံတမန်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒီစော်ကားမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရှင်းလင်းဖို့ အာဂျင်တီးနားသံအမတ်ကြီးကိုလည်း ဘရာဇီးအစိုးရက ဆင့်ခေါ်ထားပါတယ်။

ဘရာဇီး ပြည်ထောင်စုတရားရုံးချုပ် ဥက္ကဋ္ဌ အက်ဆန် ဖာချင် ကလည်း မီလီရဲ့ စကားတွေဟာ ဘရာဇီးမြေပေါ်မှာ တရားရုံးချုပ် တရားသူကြီးတစ်ဦးကို မလေးမစား လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အာဂျင်တီးနား သမ္မတဟောင်း အယ်လ်ဘာတို ဖာနန်ဒက်ဇ် ကလည်း ဇူလိုင် ၂၅ ရက်မှာ X (တွစ်တာ) ထက် ဗီဒီယိုတင်ကာ မီလီရဲ့ စော်ကားမှုတွေကို ဖော်ထုတ်ခဲ့ပြီး “မီလီဟာ ဘရာဇီးမှာ အရူးတစ်ယောက်လို အော်ဟစ်ခဲ့တယ်။ မိမိတို့ရဲ့ အဓိက ကုန်သွယ်ဖက်နဲ့ ညီအစ်မနိုင်ငံရဲ့ သမ္မတကို အခုလို စော်ကားတာဟာ ခွင့်လွှတ်လို့မရတဲ့ ကိစ္စပါ” လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

အလားတူ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗျူနိုအေရီးစ် ပြည်နယ်အုပ်ချုပ်ရေးမှူး အေဆယ်လ် ကီစီလော့ဖ် ကလည်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရို ဗီရာ နဲ့ ဆက်သွယ်ခဲ့ပြီး မီလီရဲ့ ပြောဆိုချက်တွေဟာ အာဂျင်တီးနားပြည်သူ အများစုရဲ့ ခံစားချက်ကို ကိုယ်စားမပြုကြောင်း၊ သမ္မတ မီလီရဲ့ လှုပ်ရှားမှုကို ရှက်ရွံ့စွာ ကြည့်ရှုခဲ့ရပြီး အာဂျင်တီးနားပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို လေးစားကာ ဒေသတွင်း ပေါင်းစည်းရေးကိုပဲ လိုလားတယ်လို့ ဇူလိုင် ၂၆ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
Next post ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်ခြေနဲ့ ပတ်သက်ပြီး ထရမ့် အကောင်းမြင်