// | DailyBriefNews ယာဉ်အိုယာဉ်ဟောင်း ၈၀,၀၀၀ ကို EV ယာဉ်များဖြင့်လဲလှယ်ရန် ဘတ် ၂၄ ဘီလျံတန်စီမံကိန်းကို ထိုင်းစတင် ဆန်းစစ်ဆောင်ရွက်နေ -

ယာဉ်အိုယာဉ်ဟောင်း ၈၀,၀၀၀ ကို EV ယာဉ်များဖြင့်လဲလှယ်ရန် ဘတ် ၂၄ ဘီလျံတန်စီမံကိန်းကို ထိုင်းစတင် ဆန်းစစ်ဆောင်ရွက်နေ

f5140a123a47a32fdc53f9182393ea61587808c3dea239d8fd8228b6b17c98b0

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံဟာ ကျဆင်းနေတဲ့ သူ့ရဲ့ မော်တော်ယာဉ် စက်မှုကဏ္ဍကို ပြန်မြှင့်တင်ဖို့နဲ့ သန့်ရှင်းတဲ့ စွမ်းအင်ဘက် ပြောင်းနိုင်ဖို့အတွက် ယာဉ်အိုယာဉ်ဟောင်း အစီးရေ ၈၀,၀၀၀ အထိကို လျှပ်စစ်ကား (EV) တွေနဲ့ အစားထိုးမယ့် ဘတ် ၂၄ ဘီလီယံ (စင်ကာပူဒေါ်လာ ၉၂၀ သန်း) စီမံကိန်းကို ပြန်သုံးသပ်နေပါတယ်။ အခုဆိုရင် အဲဒီအစီအစဉ်ကို EV ဝယ်မယ့် ယာဉ်အမျိုးအစား အားလုံးအထိ တိုးချဲ့ပေးသင့်၊ မသင့် ပို့ဆောင်ရေးဝန်ကြီးဌာနက စိစစ်နေတာပါ။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကားထုတ်လုပ်မှု အကြီးမားဆုံး ဗဟိုချက် ဖြစ်ပေမဲ့ အိမ်ထောင်စု ကြွေးမြီတွေ များလာတာ၊ ချေးငွေ စည်းမျဉ်းတွေ တင်းကြပ်လိုက်တာတွေကြောင့် ၂၀၂၄ ခုနှစ်မှာ ပြည်တွင်း ကားရောင်းအားဟာ ၁၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ထိ ထက်ဝက်နီးပါး ထိုးဆင်းသွားခဲ့ပါတယ်။ အထူးသဖြင့် အဓိကဈေးကွက်ဖြစ်တဲ့ ပစ်ကပ်ကား ရောင်းအားတွေပါ ထိခိုက်ခဲ့တာပါ။ ဒါကြောင့် အခုလို ဆီစားယာဉ်အို သောင်းပေါင်းများစွာကို EV တွေနဲ့ အစားထိုးလိုက်ရင် ကျဆင်းနေတဲ့ ကားစက်မှုဇုန်အတွက် ပြန်ပြီး အသက်ရှူချောင်သွားစေနိုင်ပါတယ်။

လုပ်ငန်းသုံးတင် မဟုတ်ဘဲ ကားမျိုးစုံအထိ တိုးချဲ့ဖို့ စဉ်းစားနေ

ပြီးခဲ့တဲ့ ဇွန်လတုန်းက အစိုးရကို တင်ပြခဲ့တဲ့ မူလအစီအစဉ်တုန်းကတော့ တက္ကစီ၊ ဆိုင်ကယ်တက္ကစီ၊ တုတ်တုတ် သုံးဘီး၊ ဘတ်စ်ကားနဲ့ ကုန်တင်ကားလိုမျိုး လုပ်ငန်းသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုပဲ EV နဲ့ လဲပေးဖို့ ပစ်မှတ်ထားခဲ့တာပါ။

ဒါပေမဲ့ ထိုင်းပို့ဆောင်ရေး ဒုတိယဝန်ကြီး သီရိဖုန်း ကတော့ “တို့တွေအနေနဲ့ အကူအညီတွေကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ယာဉ်တွေတင် မဟုတ်ဘဲ ကားအမျိုးအစား အားလုံးအထိ တိုးချဲ့ပေးသင့်သလားဆိုတာကို ပြန်စဉ်းစားနေပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

အစိုးရရဲ့ ဘတ် ဘီလီယံ ၄၀၀ အရေးပေါ် ချေးငွေစီမံကိန်းဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇူလိုင်လမှာ ဆုံးဖြတ်ပေးခဲ့ပြီးတဲ့နောက်မှာတော့ အကူအညီတွေ ပိုပေးနိုင်ဖို့ ဆွေးနွေးပွဲတွေ ပိုမြန်လာခဲ့ပါတယ်။ အဆိုပါ ချေးငွေစီမံကိန်းကို မေလမှာ အစိုးရအဖွဲ့က အတည်ပြုခဲ့ပေမဲ့ အတိုက်အခံ လွှတ်တော်အမတ်တွေ ကန့်ကွက်ခဲ့ကြတာကြောင့် ခေတ္တကြန့်ကြာနေခဲ့တာပါ။

အခု ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ သက်တမ်းပြည့်လို့ အစားထိုးရတော့မယ့် ကားတွေအတွက် EV ဝယ်ယူမှု ထောက်ပံ့ကြေး၊ အတိုးနည်းတဲ့ ချေးငွေနဲ့ အခွန်ကင်းလွတ်ခွင့်စတဲ့ အကူအညီမျိုးစုံ ပေးနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဆောင်တဲ့ ကော်မတီထံ တင်ပြထားပါတယ်။

ပြည်တွင်းထုတ် EV တွေကိုပဲ အဓိက ထောက်ပံ့ပေးဖို့ တောင်းဆို

ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (FTI) ရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ်မှာ ပြည်တွင်း၌ မော်တော်ယာဉ် စီးရေ ၆ သိန်းကျော် ရောင်းချခဲ့ရပြီး အဲဒီအထဲမှာ EV ခရီးသည်တင်ကား အစီးရေ ၁ သိန်း ၂ သောင်းကျော် ပါဝင်ခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်ကတော့ ၁ ဒသမ ၇ သန်းခန့် ရောင်းခဲ့ရတာပါ။

ထိုင်းအစိုးရရဲ့ အခွန်ကင်းလွတ်ခွင့်နဲ့ ကူညီပေးမှုတွေကြောင့် တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ BYD နဲ့ Great Wall Motor တို့ဆီကနေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သို့သော် လက်ရှိ EV မူဝါဒက ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်လို့ အစီအစဉ်သစ်များ မရှိရင် ကားစက်မှုကဏ္ဍ ပြင်းထန်စွာ ကျဆင်းသွားနိုင်တယ်လို့ အသင်းအဖွဲ့တွေက သတိပေးထားကြပါတယ်။

FTI မော်တော်ယာဉ် ကလပ် ပြောရေးဆိုခွင့်ရှိသူ သုရဖုန်း ကတော့ “ပြည်တွင်းမှာ EV ပိုထုတ်နိုင်လေ အလုပ်အကိုင်တွေ ပိုရမယ်၊ ဝင်ငွေပိုကောင်းလာမယ်၊ အခွန်ပိုရမယ်။ ဒါဟာ အားလုံးအတွက် Win-Win အခြေအနေပါပဲ” လို့ ဆိုကာ မည်သည့် အစီအစဉ်မဆို ပြည်တွင်းထုတ် အစိတ်အပိုင်း အများစုသုံးထားတဲ့ EV တွေကိုပဲ ပစ်မှတ်ထားသင့်တယ်လို့ ထောက်ပြထားပါတယ်။

ထိုင်း EV အသင်း ဒုတိယဥက္ကဋ္ဌ သယာမ်နတ် ကလည်း ကားဟောင်းပေး ကားသစ်ယူ (Trade-in) အစီအစဉ်ကို ပြည်တွင်းထုတ် ယာဉ်တွေ၊ EV ဆိုင်ကယ်တွေနဲ့ ကာဘွန်ထုတ်လွှတ်မှု များတဲ့ အများပြည်သူသုံး ဘတ်စ်ကားတွေကိုပဲ အဓိကထား ကူညီပေးစေချင်တယ်လို့ ပြောပါတယ်။

တက္ကစီနဲ့ ပစ်ကပ်ကားတွေအတွက် ပါဝင်မယ့် အစီအစဉ်များ

၂၀၂၇ မှာ သက်တမ်း ၁၀ နှစ်ပြည့်မယ့် တက္ကစီတွေကို EV ပြောင်းမယ့် ဒရိုင်ဘာတွေအတွက် ၅ နှစ်တာကာလအတွင်း ၁ ရက် ပြန်ဆပ်ရမယ့် ချေးငွေပမာဏကို ဘတ် ၇၀၀ ကနေ ဘတ် ၅၀၀ ထိ လျှော့ချပေးဖို့ အစိုးရက စဉ်းစားနေပါတယ်။ မီနီဘတ်စ်၊ ဗန်ကား၊ တုတ်တုတ်နဲ့ ကုန်တင်ကားတွေအတွက် ထောက်ပံ့ကြေး ပုံစံကတော့ ကွဲပြားပါလိမ့်မယ်။

ဒုတိယဝန်ကြီး သီရိဖုန်းက “ဒီနှစ်ထဲမှာ တစ်ခုခုတော့ သေချာပေါက် ပေါ်ထွက်လာမှာပါ။ ဒါပေမဲ့ အသေးစိတ်တွေကို အရင်ဆုံး အချောသပ် ဆွေးနွေးဖို့ လိုသေးတာမို့ နောက်ထပ် တစ်လလောက် ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ကားထုတ်လုပ်မှု စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားတဲ့ ပစ်ကပ်ကားတွေအတွက်လည်း အတိုးနည်း ချေးငွေတွေနဲ့ EV ပစ်ကပ်ကားသစ် ဝယ်တာ၊ B20 ဇီဝဒီဇယ် (Biodiesel) သုံးနိုင်တဲ့ မော်ဒယ်တွေဆီ ပြောင်းတာတွေကိုပါ အစိုးရက ထောက်ပံ့ပေးသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဧကနီတီ က လွန်ခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၄) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာပဏာမလက်ရွေးစင်များ လေ့ကျင့်မှုအရှိန်မြှင့်
Next post ပီရူးနိုင်ငံ မြို့တော်လီမာတွင် အိမ်မီးလောင်မှု ဖြစ်ပွားရာမှ လူ ဆယ်ဦးသေဆုံး