ရန်ကုန်စီးတီးအသင်း ရာသီကြိုခြေစမ်းပွဲများကစားရန် ထိုင်းနိုင်ငံကို ရောက်ရှိနေ

ဇူလိုင် ၂၁၊ ၂၀၂၆
လာမယ့် ၂၀၂၆-၂၀၂၇ ရာသီမှာ မြန်မာအမျိုးသားလိဂ်ပြိုင်ပွဲကို တန်းတက်ကစားခွင့်ရထားတဲ့ ရန်ကုန်စီးတီးအသင်းဟာ ရာသီကြိုခြေစမ်းပွဲများကစားဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေကြောင်း သိရပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ ဇူလိုင် ၂၀ ရက် ညပိုင်းက ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့ပြီး ကစားသမား ၂၆ ဦး၊ အုပ်ချုပ်၊ နည်းပြ ၁၁ ဦး၊ စုစုပေါင်း ၃၇ ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။
လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှာ ရန်ကုန်စီးတီးအသင်းကနေ ကစားသမား (၄) ဦး ရွေးချယ်ခံထားရပြီး ယင်းကစားသမား (၄) ဦးမှာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲပြီးမှ အသင်းနဲ့ လာရောက်ပူးပေါင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်စီးတီးအသင်းဟာ ထိုင်းနိုင်ငံမှာ တစ်လကြာနေထိုင်လေ့ကျင့်သွားမှာဖြစ်ပြီး ထိုင်းလိဂ်ကလပ်အသင်းများ၊ ထိုင်းနိုင်ငံကို လာရောက်လေ့ကျင့်နေတဲ့ အရှေ့အာရှအသင်းများနဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ လက်ရှိမှာ ပြည်ပကစားသမားသစ် (၂) ဦး၊ ပြည်တွင်းကစားသမားသစ် (၆) ဦးအထိ ခေါ် ယူထားကြောင်း သိရပါတယ်။
ရန်ကုန်စီးတီး အသင်းဟာ ပြည်ပကစားသမားသစ် (၂) ဦး အဖြစ် ဘရာဇီးနောက်ခံလူ ပက်ဒရိုနဲ့ ဂျပန် ကစားသမားရုဂျီကို ခေါ်ယူထားပါတယ်။
