မြန်မာ့လက်ရွေးစင်အသင်း ဒီညနေ ဗီယက်နမ်ကို ထွက်ခွာမယ်

ဇူလိုင် ၁၅၊ ၂၀၂၆
မြန်မာ့လက်ရွေးစင်အသင်းဟာ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းကစားဖို့ ဒီညနေမှာ ဗီယက်နမ်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ နော်ဝေလူမျိုး အန်ဒါဆင်ဟာ ဗီယက်နမ်အသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲအတွက် ကစားသမား (၂၆) ဦး ရွေးချယ်ခေါ်ယူသွားမှာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းမှာ မောင်မောင်လွင်၊ နန္ဒကျော်၊ ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ သန်းပိုင်တို့လို ဝါရင့်ကစားသမားတွေ ပါဝင်မှာဖြစ်သလို ပထမဆုံးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရတဲ့ အလယ်တန်းလူ ကောင်းမြတ်ငြိမ်း၊ ရှေ့တန်းလူ စောမျိုးဇော်တို့လည်း ပါဝင်သွားကြောင်း သိရပါတယ်။
ဗီယက်နမ်ဘောလုံးအဖွဲချုပ် (VFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်ထားပါတယ်
VFF ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများအဖြစ် ဗီယက်နမ်ဒေါင် ၁၀၀၀၀၀၊ ၂၀၀၀၀၀၊ ၃၀၀၀၀၀ သတ်မှတ်ထားပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ခြေစမ်းပွဲအပါအဝင် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ဇွန် ၁၈ ရက်ကစပြီး လေ့ကျင့်မှုများ ပြန်လည်စတင်ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအပြီး လေ့ကျင့်မှုကို ခေတ္တရပ်နားခဲ့ပြီး ဇွန် ၁၈ ရက်မှစကာ ပြန်လေ့ကျင့်တာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ ဖိလစ်ပိုင်သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဂူအမ်အသင်းကို (၆-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဖိလစ်ပိုင်အသင်းကို (၁-၅) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ဟာ လာမယ့်ဇူလိုင် ၁၈ ရက်မှာ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ဗီယက်နမ်နိုင်ငံ၊ ထရန်ငုရင်မြို့ရှိ ပရိသတ် ၂၂၀၀၀ ဆံ့ ထရန်ငုရင်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။
ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်း နှစ်သင်းစလုံးဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းကစားခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ နောက်ဆုံးတွေ့ဆုံထားခဲ့ပြီး ထိုစဉ်က ဗီယက်နမ်အသင်းက (၅-ဝ) ဂိုးနဲ့ အနိုင်ရထားပါတယ်။
၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စု (B) မှာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့နဲ့ ကျရောက်နေလျက်ရှိပါတယ်။
