// | DailyBriefNews အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်များ ဖုန်းအပိုသယ်ဆောင်လာလျှင် CEIR စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ထား အခွန်ပေးဆောင်ရမည် -

အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်များ ဖုန်းအပိုသယ်ဆောင်လာလျှင် CEIR စနစ်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ထား အခွန်ပေးဆောင်ရမည်

photo_2026-07-14_08-50-52

ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ဖုန်းအပို သယ်ဆောင်လာရင် CEIR စနစ်မှာ မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားပြီး အခွန်ပေးဆောင်ရမယ်လို့ CEIR နဲ့ EIR စနစ်စီမံကိန်း ဦးစီးကော်မတီက ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာတော့ နယ်စပ်ဝင်ပေါက်တွေ၊ ပင်လယ်ရေကြောင်းဝင်ပေါက်တွေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်လာတဲ့ ဖုန်းတွေကို CEIR စနစ်မှာ မှတ်ပုံတင်ပြီး ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ အခုထုတ်ပြန်ချက်အရ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်လာတဲ့ ခရီးသည်တွေနဲ့အတူ ပါလာတဲ့ မိုဘိုင်းဖုန်းတွေကိုပဲ CEIR စနစ်မှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

စည်းကမ်းချက်အရ ခရီးသည်တစ်ဦးကို လက်ရှိသုံးနေတဲ့ ဖုန်းအပါအဝင် စုစုပေါင်း ဖုန်းနှစ်လုံးပဲ သယ်ခွင့်ပြုထားတာပါ။ တကယ်လို့ CEIR စနစ်မှာ မှတ်ပုံမတင်ရသေးတဲ့ ဖုန်းအပိုတွေ ပါလာမယ်ဆိုရင် လေဆိပ်အကောက်ခွန်ကောင်တာမှာ Passenger Declaration Form ဒါမှမဟုတ် PD Form နဲ့ စာရင်းကြေညာပေးရပါမယ်။ ခရီးသည်တစ်ဦးဟာ ပထမဆုံးအကြိမ် PD Form ကြေညာတဲ့နေ့ကစလို့ တစ်နှစ်အတွင်း မိုဘိုင်းဖုန်း ၂ လုံးအထိပဲ လျှောက်ထားခွင့်ရှိမှာပါ။

PD Form ဖြည့်တဲ့အခါမှာ ဖုန်းရဲ့ IMEI နံပါတ်ကို မဖြစ်မနေ ထည့်သွင်းရမှာဖြစ်ပြီး CEIR စနစ်မှာ မှတ်ပုံတင်နိုင်ဖို့အတွက် CEIR OSS အဖွဲ့ဆီကို လျှောက်လွှာနဲ့အတူ Passport မိတ္တူ (ဓာတ်ပုံပါတဲ့ စာမျက်နှာနဲ့ လဝက တံဆိပ်တုံးထုထားတဲ့ စာမျက်နှာ)၊ Boarding Pass မူရင်းနဲ့ မိတ္တူ၊ လေယာဉ်လက်မှတ် မူရင်းနဲ့ မိတ္တူ၊ ပြီးတော့ အကောက်ခွန်မှာ ဖြည့်ခဲ့တဲ့ PD Form မူရင်းတို့ကို တင်ပြပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဒီလိုလျှောက်ထားတာကို PD Form ကြေညာခဲ့တဲ့ရက်ကစပြီး ရက်ပေါင်း ၃၀ အတွင်း အမြန်ဆုံး လျှောက်ထားပြီး ကျသင့်တဲ့ အခွန်ကို ပေးသွင်းရမှာပါ။ တကယ်လို့ ရက်ပေါင်း ၃၀ အတွင်း မလျှောက်ထားနိုင်ဘူးဆိုရင်တော့ CEIR စနစ်ကနေ ကျသင့်တဲ့ အခွန်အပြင် ဒဏ်ကြေးတွေကိုပါ ထပ်မံကောက်ခံသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန် – ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီ ပြေးဆွဲမည်ဖြစ်၍ တရားမဝင်ကျူးကျော်များအား ဖယ်ရှားရှင်းလင်းမည်