ရန်ကုန် – ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီ ပြေးဆွဲမည်ဖြစ်၍ တရားမဝင်ကျူးကျော်များအား ဖယ်ရှားရှင်းလင်းမည်

ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၆
မကြာခင်မှာ ရန်ကုန် – ပြည် ရထားလမ်းပိုင်းမှာ DEMU ရထားတွဲဆိုင်းသစ်တွေ စတင်ပြေးဆွဲတော့မှာဖြစ်လို့ ရထားလမ်းဘေးတစ်လျှောက် နေထိုင်သူတွေနဲ့ ကားလမ်းကူး (Level Crossing) တွေကို ဖြတ်သန်းအသုံးပြုသူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ တရားမဝင်ကျူးကျော်တွေကို ဖယ်ရှားရှင်းလင်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကနေ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာရှိတဲ့ ပိတ်သိမ်းသင့်တဲ့ တရားမဝင် ကားလမ်းကူးနေရာတွေကို ပိတ်သိမ်းနိုင်ရေး၊ ဒါ့အပြင် ဒါးပိန်-အင်းတိုင်-လှေလှော်အင်း ရထားလမ်းပိုင်းမှာရှိတဲ့ မြန်မာ့မီးရထားပိုင်မြေ (Right of Way) ဧရိယာထဲ ဝင်ရောက်နေတဲ့ တရားမဝင်ကျူးကျော်တွေကို ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ခုကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပါတယ်။


ဒီအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် အပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေ တက်ရောက်ခဲ့ကြတာပါ။
အစည်းအဝေးမှာ ဝန်ကြီး ဒေါက်တာမျိုးသော်က… ရထားတွေကို မြန်နှုန်းမြှင့်ပြေးဆွဲတော့မှာဖြစ်လို့ တရားမဝင်လမ်းကူးတွေနဲ့ ရထားနယ်မြေထဲက ကျူးကျော်မှုတွေဟာ အရမ်းကို အန္တရာယ်ရှိတာကြောင့် ပိတ်သိမ်းရှင်းလင်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်လို့ ပိတ်သိမ်းဖို့ မဖြစ်နိုင်တဲ့ လမ်းကူးတွေရှိရင်လည်း လမ်းကူးတွေကို ပေါင်းစပ်တာမျိုး (သို့မဟုတ်) ဂိတ်တံခါး ဖွင့်/ပိတ် စနစ်တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ကျူးကျော်တွေ ရှင်းလင်းပြီးသွားရင်တော့ မြန်မာ့မီးရထားဘက်က ခြံစည်းရိုးကာရံတာနဲ့ တားမြစ်ဆိုင်းဘုတ် စိုက်ထူတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီတွေအနေနဲ့ ပိတ်သိမ်းမယ့်စီမံချက်တွေကို အမြန်ဆုံးဆွဲကြဖို့နဲ့ ဒါးပိန်-အင်းတိုင်-လှေလှော်အင်း လမ်းပိုင်းက ကျူးကျော်မှုတွေကို သက်ဆိုင်ရာမြန်မာ့မီးရထား၊ မြေစာရင်းဦးစီးဌာနနဲ့ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့တွေ ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းစစ်ဆေးကာ ပြန်လည်တင်ပြကြဖို့ကိုလည်း ဝန်ကြီး ဒေါက်တာမျိုးသော်ကက တိုက်တွန်းပြောကြားခဲ့ပါတယ်။
