UNHCR နှင့် ယူနီဆက် ဌာနေကိုယ်စားလှယ်များ ရခိုင်သို့ သွားရောက်

ဇူလိုင်လ ၆ ရက်၊ ၂၀၂၆
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာအဖွဲ (UNICEF) မှ ဌာနေကိုယ်စားလှယ်တို့မှာ ရခိုင်ပြည်သို့ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ၊ နေရပ်စွန့်ခွာရသူများအား တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
UNHCR, the UN Refugee Agency ဌာနေကိုယ်စားလှယ် မစ္စတာ Barnaby Jones နှင့် ယူနီဆက် (UNICEF) ဌာနေကိုယ်စားလှယ် မစ္စတာ Yasumasa Kimura တို့မှာ ရခိုင်ပြည်သို သွားရောက်ခဲ့ကြောင်း ဇူလိုင်လ ၃ ရက်တွင် UNICEF Myanmar က ထုတ်ပြန်ထားပါတယ်။
“နေရပ်စွန့်ခွာလာရတဲ့ ကလေးတွေ၊ လူငယ်တွေ၊ မိသားစုတွေနဲ့ တွေ့ဆုံပြီး သူတိုရဲ့ ရင်တွင်းစကားတွေကို အနီးကပ် နားထောင်ခဲ့ကြပါတယ်။ ဒီလို နေ့စဉ်ကြုံတွေ့နေရတဲ့ လက်တွေ့အခြေအနေတွေကို နားလည်သဘောပေါက်ခြင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲတွေအနေနဲ့ ပိုမိုထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်” ဟု ဆိုထားပါတယ်။
နေရပ်စွန့်ခွာရမှုများသည် အရာအားလုံးကို ပြောင်းလဲသွားစေသော်လည်း ကလေးငယ်များနှင့် မိသားစုများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကမူ ခိုင်မာနေဆဲဖြစ်ကြောင်း ပြောထားပါတယ်။

“ဘေးကင်းလုံခြုံတဲ့ နေထိုင်ရာနေရာနဲ့ အကာအကွယ်ပေးရေးကနေ အာဟာရပြည့်ဝရေးနဲ့ ပညာသင်ကြားခွင့်ရရှိရေးအထိ၊ ဒီလို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးမှုတွေက လက်ရှိလုပ်ဆောင်နေတဲ့ တုံပြန်ကူညီမှုလုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်လာအောင် ပုံဖော်ပေးပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
UNHCR နှင့် ယူနီဆက် (UNICEF) တိုသည် နေရပ်စွန့်ခွာရသည့် မိသားစုများ ၎င်းတို့၏ ဘဝများကို ပြန်လည်အင်အားဖြည့် တည်ဆောက်နိုင်ရေး ကူညီပေးရန်နှင့် ကလေးငယ်တိုင်း ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် မျှော်လင့်ချက်အပြည့် ကြီးပြင်းလာခွင့်ရရန် အတူတကွ လက်တွဲပြီး ခိုင်ခိုင်မာမာ ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားထားပါတယ်။
လက်ရှိ တိုက်ပွဲပြင်းထန်နေသော ကျောက်ဖြူနှင့် စစ်တွေမြို့တို့တွင် ဒေသခံပြည်သူများ သောင်းနှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အကူအညီများလည်း အရေးတကြီးလိုအပ်နေကြောင်း သိရပါတယ်။

အကြမ်းဖက် AA ရဲ့ တိုက်ပွဲဖော်ဆောင်မှုကြောင့် စစ်ရှောင်နေကြရသော ကျေးလက်ဒေသက ပြည်သူများမှာ ထောက်ပံ့ကူညီပေးမည့်သူများမရှိ၍ နေထိုင်ရေး ခက်ခဲနေကြသည့်အပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရကြောင်း ဒုက္ခသည်တစ်ဦးက ပြောထားပါတယ်။
“ကျမတို့ စစ်တွေမှာ ဒုက္ခသည် ထောင်နှင့်ချီရှိနေပါတယ်။ ၂၀၂၄ ကတည်းကနေ နေရပ်စွန့်ခွာလာခဲ့ရတာပါ။ အကြမ်းဖက် AA အဖွဲ့တွေက နှင်ထုတ်လို့ မြို့ထဲက ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြစ်သလို နေထိုင်စားသောက်နေရပါတယ်။ အစိုးရကလည်း မထောက်ပံ့သလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မထောက်ပံ့တဲ့ လတွေ များပါတယ်။ မြို့ပြင်ထွက်ခွင့်လည်းမရ။ ပင်လယ်ပြင်မှာ ငါးရှာလိုလည်းမရဘူး။ ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ ရှင်သန်နေရပါတယ်” ဟု ပြောထားပါတယ်။
စစ်တွေမြို့ထဲက မြိုခံပြည်သူများအပါအဝင် စစ်ဘေးရှောင်ပြည်သူများမှာ အကြမ်းဖက် AA တပ်ဖွဲ့ဝင်များကြောင့် မြို့ထဲ၌ ပိတ်မိနေကြပြီး လွတ်မြောက်နယ်မြေသို့ သွားရောက်လိုသော်လည်း အကြမ်းဖက် AA က ဖမ်းဆီးပေါ်တာဆွဲနေကြောင်း သိရပါတယ်။
စစ်တွေမြို့ ၂ မိုင်၊ ၃ မိုင်အကွာတွင် တိုက်ပွဲများ နေ့စဉ်ဆိုသလို ရှိလာနေ၍ မြို့ထဲရှိပြည်သူများမှာ တိုက်ပွဲအတွင်း ပိတ်မိနေပြီး မြို့ထဲက ထွက်မရမှာကို အလွန်စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။
