အချစ်အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “ဖွားဖက်တော်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကျင်းပ

ဇူလိုင်လ ၁ ရက်၊ ၂၀၂၆
Power King Film Production က အချစ်အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “ဖွားဖက်တော်”ရုပ်ရှင် ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဖွားဖက်တော်ဆိုတဲ့ ဇာတ်ကားမှာ ကာရိုက်တာနဲ့လိုက်ဖက်တာရွေးချယ်ပြီး သေချာလေး ရိုက်ကူးထားခဲ့ကြတာပါ။ သူတို့က အမှတ်မရှိ အိမ်မရှိ လမ်းပေါ်က ကလေးတွေပေါ့။ အဲ့ကနေတစ်ဆင့် ကြီးပြင်းလာတဲ့ လမ်းမှားကိုလိုက်ပြီး ရင်ဆိုင်ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံတွေရယ် ခံယူချက် အမှားတွေနဲ့အမှန်တွေကို မြင်တွေ့ရမှာပါ။ ဒီကားမှာ ငှက်ဆိုးနဲ့ သွေးဆိုးဆိုတဲ့ ခွဲမရတဲ့ ညီအစ်ကိုထက်ပိုချစ်ရတဲ့ ဟိုးငယ်ငယ်လေးထဲက သွေးသားရင်းမဟုတ်ဘဲ သူငယ်ချင်းတွေနေရာက မြင်တွေ့ရမှာမို့ အားပေးကြပါဦးလို ပြောချင်ပါတယ်” လို အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။



အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းစတီးလ်(ဒွေးမေတ္တာ)၊ အောင်ခန့်ဇော် (စိန်ပေါလ်)၊ ဇာတ်ညွှန်း မောင်မြတ်ဆွေ၊ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က လွန်ခဲ့တဲ့ ၃ နှစ်ကျော်ခန့်က ရိုက်ကူးပုံဖော်ထားတဲ့ အချစ်အက်ရှင် ဒရာမာဇာတ်လမ်းပုံစံလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ထွန်းထွန်း၊ နေရဲ၊ သိန်းလင်း၊ ဇွဲနိုင်ဝင်း၊ ထူးခြား၊ အောင်ခိုင်၊ ရွှေသမီး၊ ပိုးကြာဖြူခင်၊ ကြယ်ဖြူရှင်းသန့်၊ စင်သီယာ၊ ဒေါ်အိအိစိုး၊ ကလေးသရုပ်ဆောင် သော်ဘုန်းဆက်၊ နိုင်းနိုင်းထက်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
“ဖွားဖက်တော်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇူလိုင် ၃ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

