ယာယီသမ္မတထံ ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး လာရောက်ဂါဝရပြုတွေ့ဆုံ
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အစိုးရအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံ၏ သာယာလှပမှု၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာမြင့်မားပြီး ခမ်းနားထည်ဝါမှုတို့ကို လေ့လာတွေ့ရှိခဲ့ရသည့်အပြင် မြန်မာနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများအား ဆွေးနွေးခဲ့သည်။
နိုဗိုစီဗစ်ဒေသသို့ ပြန်လည်ရောက်ရှိပါက မြန်မာနိုင်ငံ၏ သာယာလှပမှု၊ ခမ်းနား ထည်ဝါမှုများကို နိုဗာစီဗစ်ဒေသမှတစ်ဆင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ သိရှိနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နှစ်ဖက်ဆွေးနွေးမှုရလဒ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး လမ်းညွှန်မှာကြားထားရှိပြီး နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့အနေဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စသည်တို့အပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့၍ ကုန်သွယ်မှုမြှင့်တင် ဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသအပါအဝင် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့်အခြေအနေများ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေခဲ့ပြီး အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့သည့် အခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်သည့်အခြေအနေများ ဆွေးနွေးခဲ့သည်။
ထို့ပြင် မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက် လှမ်းသွားမည်ဖြစ်သည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အနေဖြင့်လည်း မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို အားပေးထောက်ခံလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
