ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်း
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး ဗုဒ္ဓံသရဏံ ဂစ္ဆာမိ” အစချီသည့် အရိယာသာဝိတ္ထီ ဂါထာတော်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပူဇော်ကြပြီးနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးရင်ပြင်တော်သို့ ပင့်ဆောင်ကြသည်။
ထို့နောက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့်နေရာသို့ ပင့်ဆောင်ကြခဲ့ပြီး ထိုသို့ပင့်ဆောင်နေချိန်၌ ဝတ်အသင်း အဖွဲ့များက ဘုရားဂုဏ်တော်ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ကြပြီးနောက် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍ စုစည်းခြင်းများကို ဆောင်ရွက်ကြပြီး ရွှေကြာကလပ်တော်ပေါ်သို့ ပင့်ဆောင်ကြသည်။

ယာယီသမ္မတက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ် ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုရက်ကန်း အဖွဲ့(၁၅)ဖွဲ့မှ ရက်လုပ်စပ်ချုပ်သီလွှမ်းထားသည့် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဆက်ကပ်လှူဒါန်းသည်။
၎င်းနောက် မသိုးရွှေကြာသင်္ကန်းတော်များအား ဥပါသကာများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက် ဆက်ကပ်ပူဇော်ပြီး ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် ယာယီသမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများက ဘုရားဂုဏ်တော်၊ ပဌာန်းပစ္စယုဒ္ဒေသပါဠိ ၊ ပရိတ် ၊ မေတ္တာပို့လင်္ကာများကို ရွတ်ဆိုပွားများပူဇော်ကြသည်။
ယင်းနောက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနှင့် သုံးဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့၍ ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
