// | DailyBriefNews အခြေခံဥပဒေမှ ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း ယာယီသမ္မတပြောကြား -

အခြေခံဥပဒေမှ ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း ယာယီသမ္မတပြောကြား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်၍ ရသည်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များသည် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်၍လည်း ယာယီသမ္မတက ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ဖက်ဒရယ်စနစ်တွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ ကွဲပြားခြားနားမှုများရှိသော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ၁၉၈၈ ခုနှစ်ကာလတွင် ပြည်သူများအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနိုင်ရေး တောင်းဆိုခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တိုင်းရင်းသားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ဒီမိုကရေစီနှင့်ဖက်ရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် မိမိ၏ NCA နှစ်ပတ်လည်နေ့မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည့်အတိုင်းအားလုံးက ဖြစ်ချင်တာထက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာကို ပိုမိုဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း ပြောကြားသည်။

ထို့အတူ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် အလေးထားစောင့်ထိန်းလိုက်နာသွားမည်ဖြစ်ကြောင်း၊ လူအနည်းစု၏ သဘောထားကို အလေးထားရမည် ဖြစ်သော်လည်း လူအများစု၏ဆန္ဒကိုလည်း အားလုံးက လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည် ဖြစ်နိုင်သည်များကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အကျိုးကိုဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။

မိမိတို့ နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှစတင်၍ ယနေ့အချိန်အထိလွတ်လပ်ရေး၏ အသီးအပွင့်ကိုမခံစားရသေးကြောင်း၊ မိမိတို့နိုင်ငံနှင့် အကျယ်အဝန်းအရ၊ လူဦးရေအရ၊ စီးပွားရေးအခြေခံအရ တူညီသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်နေကြောင်း၊ ထို့ကြောင့် အားလုံးကတိုင်းပြည်ကောင်းအောင် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား
Next post “မတော်တဆ” Music Video အဆွေးသီချင်းရဲ့ စာသားလေးတွေက ပရိသတ်ရင်ကို ထိမှန်စေမှာပါလို့ ဖွင့်ဟလာတဲ့ ဝိုင်းစုခိုင်သိန်း