
မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား
ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။
အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ မြန်မာ- အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ယာယီသမ္မတက မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသည့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုမျိုးစုံ စုပေါင်းတည်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ၏ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး တူညီသည့်အခွင့်အရေးများနှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကိုလည်း အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်သွားကြရန် လွန်စွာအရေးကြီးကြောင်း။

မတူကွဲပြားည့် သဘာသာဝင်များအကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး သင့်မြတ်စွာ စုစည်းနေထိုင်ရန်လိုအပ်ကြောင်း၊ “စုပေါင်းညီညာ အောင်ကြောင်းဖြာ” ဆိုသည့်စကားအတိုင်း ဘာသာပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် အခြေခံမူများဖြစ်သည့်ဘာသာပေါင်းစုံက ဘာသာဝင်များအချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွအေးချမ်းစွာ နေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် စသော ကောင်းမွန်သည့် အခြေခံမူများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။



မိမိတို့သည် အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသူများဖြစ်သည့်အတွက် တစ်ဦး၏ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲ နေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုကြောင်း၊ အဆိုပါစိတ်ဓာတ်ကို အခြေခံပြီး အပြန် အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏ အကျိုးကို ဝိုင်းဝန်းသယ်ပိုး ကြဖို့လိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသား မိဘပြည်သူများ၏ အကျိုးအတွက် နိုင်ငံတော်ကို ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် လာမည့်ဒီဇင်ဘာလ ၂၈ ရက် နေ့မှစပြီး လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပပေးတော့မည်ဖြစ်ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စေရေး ယခုကဲ့သို့ အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံ့အကျိုးမျှော်ကိုးပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း။
ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်တို့၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီးထွန်းညှိပူဇော်ပွဲကို ဦးစီးကျင်းပပေးခဲ့သည့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ မြန်မာ-အိန္ဒိယ ကုန်သည်ကြီးများနှင့် ဟိန္ဒူမျိုးနွယ်စုအသင်းအဖွဲ့များ အားလုံးကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ယခု ဒီပါဝလီပွဲတော်မှစပြီး မိမိတို့ နိုင်ငံသားအားလုံး တစ်ဦးအပေါ်တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှုများမျှဝေပေးပြီး အတိတ်ကမကောင်းသည့် အဟောင်းများကိုချန်ခဲ့ကာ အနာဂတ်နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုဆုမွန်တောင်းစကားပြောကြား လိုက်ပါကြောင်းဖြင့်ပြောကြားခဲ့သည်ဟု သိရသည်။