
ခရင်မ္မလင်နန်းတော်၌ မြန်မာနိုင်ငံတော် ယာယီ သမ္မတ နှင့် ရုရှားနိင်ငံသမ္မတတို့ တွေ့ဆုံ
နှစ်နိုင်ငံ သဘောတူညီချက်များကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားနိင်ရန် အသေးစိတ်ဆွေးနွေးသွားမည် ဟု ရုရှား သမ္မတပြော
ရုရှားနိုင်ငံ၊ မော်စကိုမြိုတွင်ကျင်းပသည့် ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန်ရောက်ရှိနေသော မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်တို စက်တင်ဘာ ၂၅ ရက်ညနေပိုင်းက ခရင်မ္မလင် နန်းတော် ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပြီး အဆွေတော် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့ချိန်များတွင် နှစ်နိုင်ငံအကြားသဘောတူညီချက်များစွာကိုလည်း ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြားရရှိထား သည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်ရေး အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံတော် ယာယီသမ္မတ ကလည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်သံတမန်ဆက်ဆံရေး သည်လည်း ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အတူတကွ လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ် လုံခြုံရေးအရ ထိပါးလာခဲ့ပါက ကာကွယ်ပိုင် ခွင့်ရှိသည်ကို မိမိအနေဖြင့် လက်ခံထားပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် ရုရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုလည်း မိမိအနေဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ငြိမ်းချမ်းရေး ရရှိရန်အတွက် ရုရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း ၊မကြာမီကျင်းပမည် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်ကြောင်း နှင့် ရွေးကောက်ပွဲကျင်းပချိန် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း အနာဂတ်ကာလတွင်လည်း နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ထို့နောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးနှင့် ဆေးဝါး ထုတ်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍနှင့် အခြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ သမ္မတအုပ်ချုပ်မှုရုံး ဒုတိယအကြီးအကဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ လက်ထောက်အရာရှိ၊ ဘဏ္ဍာရေး၊ စွမ်းအင် ဝန်ကြီး ဌာနတို့မှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက် ခဲ့ကြောင်း သိရသည်။