
မြန်မာနိုင်ငံတော် ယာယီသမ္မတ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိ
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ် ၂၀၂၅ တက်ရောက်ရန် နေပြည်တော်မှထွက်ခွာခဲ့ရာစက်တင်ဘာ ၂၄ ရက်ညနေပိုင်းက မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတအား ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးတို့က ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

မော်စကိုမြို့သို့မရောက်မှီ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်၌ခေတ္တရပ်နားရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။

ခရီးစဥ်အတွင်း မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများလိုက်ပါသွားခဲ့ကြသည်။