
နိုဗာစီဗစ်မြို့တွင်တထောက်နားသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးကကြိုဆို
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းဖိုရမ် ၂၀၂၅ တက်ရောက်ရန် ယနေ့ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက အထူးလေယာဥ်ဖြင့် နေပြည်တော်လေဆိပ်မှထွက်ခွာခဲ့သည်။
ထိုသို့ ထွက်ခွာခဲ့ရာ ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သို့ရောက်ရှိရာ နိုဗာစီဗစ်ဒေသအုပ် ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ခရီးစဥ်အား မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများလိုက်ပါခဲ့ကြသည်။