
စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲမှာ အသက် ၇၅ နှစ်အထက် သဘင်ဘိုးဘွား ၁၀၀၂ ဦးကို ပူဇော်ကန်တော့ ဂါဝရလက်ဆောင်ပေးအပ်ခဲ့
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ကြီးမှူးကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ “သဘင်သက်ကြီးပူဇော်ပွဲမှာ အသက် ၇၅ နှစ်အထက် သဘင်သက်ကြီးဘိုးဘွား ၁၀၀၂ ဦးပူဇော်ကန်တော့ခြင်းနဲ့ ဂါဝရလက်ဆောင်ပေးအပ်ပွဲကို စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ အင်းစိန်ဘူတာရုံလမ်းနဲ့ လမ်းသစ်လမ်းထောင့်ရှိ ယာယီဇာတ်ရုံကြီးမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) နာယကကြီးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် သဘင်အစည်းအရုံးက ကန်တော့ခံသက်ကြီး သဘင်ပညာရှင် အဘိုး၊ အဘွားတွေ တက်ရောက်ကြခဲ့ကြပါတယ်။

“ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)အတွက် မြေနေရာခွင့်ပြုပေးခဲ့တဲ့ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေအားလုံးကို တကယ်ပဲ ကျေးဇူးတင်စကားတွေ အရင်ဆုံး ပြောခဲ့ချင်ပါတယ်။ အရင်ကတော့ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ထဲက သဘင်အစည်းအရုံးအနေနဲ့ ရုံးခန်းငှားရမ်းပြီးတော့ ဖွင့်လှစ်ခဲ့ရတာပါ။ ခုမှသာ ကျွန်တော်တို့ သဘင်အစည်းအရုံးအနေနဲ့ အစည်းအရုံးပိုင်မြေနေရာနဲ့ ရုံးခန်းတွေတည်ရှိလာတာပါ။ ဒီမြေနေရာကို အကောင်းဆုံးအသုံးပြုပြီးတော့ သဘင်လောကသားတွေနဲ့ သဘင်ပညာရပ်တွေပါ တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားဆောင်ရွက်သွားမှာပါ”လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။

ဒါ့ပြင် အလှူငွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို ပေးအပ်ကြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အလှူငွေ ကျပ်သိန်း ၃၀ နဲ့ MRTV DTH အစုံ ၂၀၊ Set Top Box အလုံး ၁၀၀ တို့ကိုလည်း လှူဒါန်းခဲ့သလို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အလှူငွေ ကျပ်သိန်း ၂၅၀ နဲ့ ဆန်အိတ် ၅၀၀ ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။ အသက် ၇၅ နှစ်အထက် သက်ကြီးဘိုးဘွား ၁၀၀၂ ဦးကို ပူဇော်ကန်တော့ခဲ့ကြပြီး ဂါဝရလက်ဆောင်တွေလည်း ပေးအပ်ခဲ့ပါတယ်။
ဆက်လက်ပြီးတော့ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)ရဲ့ ဇာတ်သဘင်ပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး၊ ဆိုင်းပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး၊ ရုပ်သေးပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေး၊ နတ်ဒေဝါထိန်းသိမ်းမြှင့်တင်ရေး၊ ရာမယဏပညာရပ် ထိန်းသိမ်းမြှင့်တင်ရေး၊ ဆပ်ကပ်မျက်လှည့်ပညာရပ်တွေ ထိန်းသိမ်းမြှင့်တင်ရေး၊ အငြိမ့်ပညာရပ်ဆိုင်ရာ ထိန်းသိမ်းမြှင့်တင်ရေးစတဲ့ ကော်မတီအသီးသီးက မျိုးဆက်သစ် သဘင်အနုပညာရှင်တွေက သဘင်ပညာရှင်ကြီးတွေကို တေးသီချင်း၊ ဆိုင်း၊ အက၊ မြေဝိုင်း ဇာတ်သဘင်၊ ဆပ်ကပ်၊ မျက်လှည့်တိုနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။