မကွေးမြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၁ ရက်မှ စကာ ရက် ၂၀ ကြာကျင်းပမည်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါပွဲတော်ကို အောက်တိုဘာလ ၁ ရက် မှ ၂၀ ရက်(သီတင်းကျွတ်လဆန်း ၁၀ ရက် မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်)အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်ကလာရောက်သည့် ဘုရားဖူးပြည်သူများအတွက် ဘုရားပွဲဈေးအနေဖြင့် ဈေးဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး အခမဲ့နားနေဆောင်များကိုလည်း စီစဉ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်တွင် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ ပင့်သံဃာတော် ၁,၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉,၀၀၀၊ နံ့သာ ၉,၀၀၀၊ ပန်း ၉,၀၀၀ ပူဇော်ပွဲများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
