
မြန်မာ – တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသည် အကောင်းဆုံး အခြေအနေတွင် ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာပင်းမြို့ရှိ ပညာတော်သင်ကျောင်းသားကျောင်းသူများကို ပြောကြား
တရုတ်ပြည်သူသမ္မတ နိုင်ငံကို အလုပ်သဘောခရီးရောက်နေသည့် မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ(၄)ရက်နေ့ ညနေပိုင်း၌ ဟာပင်းမြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင်ကျောင်းသားကျောင်းသူများကို တွေ့ဆုံ အမှာစကားပြောခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် သင်တန်းများလာရောက်တက်ရောက် ၍ ပညာသင်ကြားခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း နှင့် မြန်မာ – တရုတ် နိုင်ငံ တို့၏ ဆက်ဆံရေးသည် လက်ရှိအချိန်တွင် အကောင်းဆုံး အခြေအနေတွင် ရှိကြောင်း ယာယီသမ္မတ က ပြောသည်။
သင်တန်းများလာရောက်သင်ကြားသည့် ပညာရပ်များ အလိုက် အကောင်းဆုံးသင်ယူသွားရန်လိုအပ်ပြီး ပညာပြီးဆုံးချိန် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် မိမိတို့၏ ဌာနများအလိုက် သင်ကြားခဲ့ရသည့် ပညာရပ်များ နှင့်ပတ်သက်၍ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။
ထိုအပြင် လာမည် ဒီဇင်ဘာလတွင်း လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်းနှင့် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး စီမံဆောင်ရွက်နေကြောင်း နှင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေချိန်အတွင်း ကျန်းမာရေးကောင်မွန်စွာနေထိုင်ဆောင်ရွက်ကြရန် နှင့် ပညာသင်ကြားမှုများကိုလည်း ပြီးဆုံးအောင်မြင်သည်အထိ သင်ယူသွားရန် ယာယီသမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုကို ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ နှင့်အတူလိုက်ပါလာသည့် ကော်မရှင် အတွင်းရေးမှု၊ အဖွဲ့ဝင်များ ပြည်ထောင်စုဝန်ကြီးများ နှင့် တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး နှင့် ပညာတော်သင် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။