// | DailyBriefNews တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူး နှင့် ဘာသာတွဲ အမှတ်အများဆုံးရသူများကို ရွှေတစ်ကျပ်သား ချီးမြှင့် -

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူး နှင့် ဘာသာတွဲ အမှတ်အများဆုံးရသူများကို ရွှေတစ်ကျပ်သား ချီးမြှင့်

၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူး နဲ့ ဘာသာတွဲအလိုက် အမှတ်အများဆုံးနဲ့ အောင်မြင်တဲ့ ကျောင်း သားတွေ ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ် ၂၄ ရက် ၊ မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပရာ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဂုဏ်ပြုဆုတွေ ပေးအပ်ပါတယ်။

အခမ်းအနားကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့အတူ ကော်မရှင် အဖွဲ့ဝင်၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ပြည်ထောင်စုဝန်ကြီးတွေ အဆင့်မြင့် တပ်မတော် အရာရှိကြီးတွေ နဲ့ ထူးချွန် ကျောင်းသား ကျောင်းသူတွေ တက်ရောက်ကြပါတယ်။

အခုနှစ်မှာ အင်အားပြင်းထန်တဲ့ မန္တလေးငလျင်ကြီးရဲ့ ဆိုးရွားတဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရပေမယ့် တက္ကသိုလ်တွေ ကျောင်းတွေကို အခက်အခဲကြားကနေ အတတ်နိုင်ဆုံး ပုံမှန်ဖြစ်အောင် ဖွင့်လှစ်ပြီး အန္တရာယ်တွေကြားက စိတ်ကောင်း ‌စေတနာတွေနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန် မပြတ် ဆောင်ရွက်ပေးနိုင်ခဲ့တာဟာ ပညာရေးသမိုင်းမှာ မှတ်တမ်းကောင်းတစ်ခုအဖြစ် ဂုဏ်ယူရမှာ ဖြစ်တယ် လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

အခုလို အခက်အခဲတွေကြားက ရုန်းထပြီး စစ်မှန်တဲ့ အရည်အသွေးနဲ့ အရည်အချင်းကို ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် တက္က သိုလ်ဝင် စာမေးပွဲ အောင်ချက်မှာ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိပြီး ဘာသာစုံ ဂုဏ်ထူးရသူ (၁၉၆) ယောက်အထိ ပေါ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ဘာသာစုံဂုဏ်ထူးရှင်တွေကို ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြား၊ ဘာသာတွဲအလိုက် အမှတ်အများဆုံး ရတဲ့ ကျောင်းသား ကျောင်းသူ ၃၃ ယောက်ကို ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြား‌တွေ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေး သွားမှာ ဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဆုတန်ဖိုး ပမာဏထက် ဆုရရှိသူတွေရဲ့ ကြိုးစားမှု အောင်မြင်မှုဂုဏ်ဒြပ် နဲ့ နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ နဲ့ ထူးချွန် ထက် မြက်တဲ့ လူငယ်တွေကို ဂုဏ်ပြုချီးမြှောက်လိုတဲ့ ဆန္ဒက အဆမတန် သာလွန်နေတယ်ဆိုတာ ပြောကြားလိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်နှစ်ကလို ဘာသာတွဲအလိုက် အမှတ်အများဆုံး ရရှိခဲ့တဲ့ ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို ပြည်ပ လေ့လာရေး ခရီးစဉ်တွေ စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “ဆန်းကြယ်သောဖူးစာ” ဇာတ်လမ်းတွဲမှာ အချစ်ဟောင်းနဲ့ အချစ်သစ်ကြား ရွေးရခက်တဲ့ သက်နှင်း ကာရိုက်တာနဲ့ ပရိသတ်ကမြင်တွေ့ရမှာပါဆိုတဲ့ မေသူထွန်း
Next post (၂၅-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်