
ကျားဖြန့်တွင် ပါဝင်ခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၄၉ ဦးကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက်ထပ် ပြည်ပနိုင်ငံသား ၁၀ ဦး ထပ်မံဖမ်းမိ
ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၄၉ ဦးကို ဇွန်လ ၂၃ တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၈ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ကို ယင်းနေ့တွင်ပင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၂၃ ရက်အထိ ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၈၀ ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
၎င်းတို့အနက်မှ ၈၉၅၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၂၅ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။