
မကွေးဆေးရုံကြီးတွင် ကိုဗစ်လူနာတစ်ဦး အသက်ဆုံး
ကိုဗစ်ဖြင့် ကွယ်လွန်သွားသူသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်၌ နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်သည်။ သူသည် မကွေးမြို့ဆေးရုံကြီး၌ တက်ရောက်ကုသနေစဉ် ဇွန်လ (၁၇)ရက်က သေဆုံးသွားကြောင်း မကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံမှလည်း သိရသည်။
သေဆုံးသွားသည့် ကိုဗစ်လူနာကို မြေပြင်လူမှုကယ်ဆယ်ရေးအသင်းက စနစ်တကျ ထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်က မကွေးမြို့၊ ချမ်းမြေ့သာယာသုသာန်ကို ကူညီပို့ဆောင်ပေးခဲ့သည်ဟူလည်း သိရသည်။
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇွန် ၁၆ ရက်ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန် ၈ ရက်ည ၈ နာရီမှ ဇွန် ၁၅ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၂,၂၈၅) ခုကိုစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် လတ်တလောအချိန်၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားေ-သဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု အသိပေးခဲ့သည်။

ထို့အတူ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေ မြင့်မားသော အသက်အရွယ်ကြီးသူများ၊ အသက်(၆၀)နှစ်နှင့်အထက် ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ဆောင်ကာလ(၃)လနှင့် အထက်တို့အား ဦးစားပေးအစီအစဥ်အဖြစ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်၍ ကာကွယ်ဆေးထိုးနှံကြရန်လည်း အသိပေးခဲ့သည်။