
သစ်တောများသည် နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိကကျဟု နစက ဥက္ကဋ္ဌပြော
သစ်ပင်၊သစ်တောများသည် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း ၌ ကျင်းပသည့် နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
” သစ်တောတွေဟာ ဂေဟစနစ်တွေအားလုံးရဲ့ ဗဟိုချက်အဖြစ်ထိန်းညှိဆောင်ရွက်ပေးနေတဲ့အတွက် နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတယ်လို့ပြောရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်တွေအောင်မြင်စေဖို့၊ လူသားတွေနဲ့သက်ရှိတွေရေရှည်တည်တံ့စေဖို့နဲ့ စိမ်းလန်းသာယာစေဖို့တို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက သစ်တောစိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေကြပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။



ထို့ကြောင့် နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တ ရာယ်များကြုံတွေ့လာချိန်၌ ကယ်ဆယ်ရေးနှင့်ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျထိထိရောက်ရောက်ဆောင်ရွက်ပေးခဲ့သကဲ့သို့ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် နိုင်ငံအဝန်းစိမ်းလန်းစိုပြည်သာယာဝပြောရေးတို့ကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့အတူ သစ်တောသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ ပြန်လည်တည်ထောင်ခြင်းနှင့် တိုးချဲ့စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း နိုင်ငံတော်၏ ဦးစားပေးအစီအစဉ်တစ်ရပ်အနေဖြင့် ရေရှည်စီမံချက်များဖြင့် ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် သစ်ပင်သစ်တောများသည် ကျေးလက်နေပြည်သူများအတွက် သစ်၊ ထင်း၊ ဝါး၊ ကြိမ်၊ အစားအစာ၊ ဆေးဝါးစသည့် သစ်တောထွက်ပစ္စည်းအမျိုးမျိုးနှင့် အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးလျက်ရှိကာ သစ်ပင်သစ်တောများကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်မျှတသာယာပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍအသီးသီးအတွက် ကုန်ကြမ်းပစ္စည်းများ၊ သွင်းအားစုများ နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိ၍ အကျိုး ကျေးဇူးများစွာရရှိနိုင်သည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။