
“ပန်းနုသွေးတို့ ဒိုင်ယာရီ”ဇာတ်လမ်းတွဲမှာ ချစ်စရာကောင်းတဲ့ကောင်မလေး နွေးနွေးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်မြင်တွေ့ရမှာပါဆိုတဲ့ Ella ရွှေစင်
ပရိသတ်ချစ်ခင်မှုများစွာ ရရှိလာတဲ့ သရုပ်ဆောင် Ella ရွှေစင်ကတော့ “ပန်းနုသွေးတို ဒိုင်ယာရီ” ဇာတ်လမ်းတွဲမှာ ချစ်စရာကောင်းတဲ့ ကောင်မလေး နွေးနွေးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်မြင်တွေ့ရမှာလို့ ဆိုပါတယ်။
“ဒီဇာတ်ကားမှာ မထက်တို့ရော တခြား ညီမလေးတွေနဲ့ရော အကုန်လုံးက ချစ်စရာကောင်းတဲ့ ညီမအမ ပုံစံလေးနဲ့ ပါဝင်ထားကြတာပါ။ Ella က နွေးနွေးဆိုတဲ့ ကာရိုက်တာနေရာက ပါဝင်ထားပါတယ်။ လိင်တူချစ်သူနှစ်ဦး စိတ်ဝင်စားစရာလေးဆိုပေမယ့် ကောင်မလေးတွေ အကုန်လုံးကတော့ ကိုယ့်ကောင်လေးချစ်ကြပေမယ့် ကိုယ့်ကောင်လေးတွေကြောင့် အသည်းကွဲပြီး ထားခဲ့ခံရတဲ့ပုံစံလေးပါ။ ဒီကားလေးက အမတွေရော ညီမတွေရော အကုန်လုံးမြိုင်မြိုင် ဆိုင်ဆိုင်လေး ပါဝင်သရုပ်ဆောင်ထားတာမို့ ချစ်စရာကောင်းတဲ့ဇာတ်လေးပါ။ ထုတ်လွှင့်ပြသရင်လည်း အားပေးကြဦးလို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင် Ella ရွှေစင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားမှာ ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ သက်ဦးမောင်က ၂၀၂၄ ခုနှစ် က ရိုက်ကူးပြီး သရုပ်ဆောင်တွေအနေနဲ့ မထက်(Pop Soul)က အထူးသရုပ်ဆောင်ထားသလို ကိုင်၊ အောင်လွင်မိုး၊ ပိုင်အိမ်ခ၊ ဆက်ထူးသစ်၊ အယ်လ်လာရွှေစင်၊ စောလပြည့်ဝန်း၊ မြတ်နိုးပွင့် စတဲ့သူတွေပါဝင်ထားကြပါတယ်။
ဒီဇာတ်လမ်းတွဲကတော့ လိင်တူချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ရသမြောက်မြောက်နဲ့ “ပန်းနုသွေးတို့ ဒိုင်ယာရီ” ဇာတ်လမ်းတွဲကို ခံစားကြည့်ရှုရမှာဖြစ်တယ်လို့ သိရပါတယ်။ “ပန်းနုသွေးတို့ ဒိုင်ယာရီ” ဇာတ်လမ်းတွဲကို မနက်ဖြန် ဇွန်လ ၁၄ ရက် ည ၉ နာရီမှာ SKYPREMIER HD ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

သရုပ်ဆောင် Ella ရွှေစင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။