
ရွှေဈေးဆွဲတင်နေသူများနှင့် ကတိပျက်ကွက်သည့် အွန်လိုင်းရွှေရောင်းသူများကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေ
ရွှေဈေးနှုန်းဆွဲတင်သူများနှင့် အွန်လိုင်းမှ ရွှေအရောင်းအဝယ်ပြုလုပ်ပြီး မလျော်ဘဲ ကတိပျက်သူများအား တိုင်ကြားထားမှုများရှိသောကြောင့် တာဝန်ရှိသူများက ခေါ်ယူမေးမြန်းစစ်ဆေးနေကြောင်း ရန်ကုန်ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ဈေးနှုန်းဆွဲတင်သူများနှင့် အွန်လိုင်းမှရွှေရောင်းဝယ်သူတချို့ကို တာဝန်ရှိသူများက ခေါ်ယူမေးမြန်းစစ်နေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး MT News က YGEA သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ဟုတ်ပါတယ်။ ဈေးဆွဲတဲ့သူတွေ။ လေပတ်ကားတွေ၊ အရောင်းအဝယ်လုပ်ပြီး မလျော်တဲ့ဟာတွေပေါ့။ အရောင်းအဝယ်လုပ်ပြီး ကတိပျက်တာတွေ သွားတိုင်ထားတာတွေရှိတယ်။ အဲဒါတွေကို ခေါ်မေးနေတာပါ” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဖြေကြားခဲ့သည်။

ရွှေဆိုင်လုပ်ငန်းတစ်ခုတွင် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီလုပ်ငန်းလိုင်စင်၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေးလုပ်ငန်း အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်နှင့် ကုန်စည်ထုတ်သူ သို့မဟုတ် ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူများအား ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို လျှောက်ထားရန်လိုအပ်ကြောင်း ယမန်နေ့တွင် YGEA က အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် အွန်လိုင်းလိုင်စင်လျှောက်ထားရာတွင် www.ecommerce.gov.mm website တွင် ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ပြီး အွန်လိုင်းများမှ ရွှေရောင်းဝယ်သူများ၊ ငွေစုစာအုပ်ဖြင့် ရွှေရောင်းခြင်း၊ တာလီစနစ်ဖြင့် ရွှေရောင်းခြင်းနှင့် ကံစမ်းမဲဖောက်ပြီး ရွှေရောင်းခြင်းများ မပြုလုပ်ကြရန် အသိပေးထားသည်။
ယင်းကဲ့သို့ ရွှေလုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းနေမှုများကြောင့် ယနေ့တွင် နာမည်ကြီး ရွှေသန့်စင်လုပ်ငန်းတချို့လည်း ခေတ္တရပ်နားထားပြီး ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်အား ပြန်လည်အသိပေးသွားမည်ဟု ကြေညာထားသည်။
ယနေ့တွင် YEGA မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၅၈ သိန်းခွဲသာရှိသော်လည်း ပြင်ပဈေးကွက်တွင် ၁၆ ပဲရည် (အခေါက်ရွှေ) တစ်ကျပ်သား ကျပ် ၇၉ သိန်းခွဲနှင့် ၁၅ ပဲရည် တစ်ကျပ်သား ကျပ် ၇,၄၈၅,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ပြင်ပရွှေဈေးနှုန်းသည် ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ်သိန်း ၂၀ ကျော် မြင့်တက်နေခြင်းဖြစ်သည်။