
သစ်ပင်များအားအကြောင်းမဲ့ခုတ်ထွင်ခြင်းမပြုလုပ်စေရေးအတွက် By Law များဖြင့်ထိန်းသိမ်းရန် နစက ဥက္ကဋ္ဌမှာကြား
ပြင်ဦးလွင်ဒေသတွင် သစ်ပင်ပန်းမန်များဖြင့်အစဉ်အမြဲသာယာလှပစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ဒေသရေဖူလုံစွာရရှိရေး၊ ပညာရေးကဏ္ဍမြင့်မားရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြင်ဦးလွင်ဒေသတွင် သစ်ပင်ပန်းမန်များဖြင့်အစဉ်အမြဲသာယာလှပစေရေးနှင့် သစ်ပင်များအားအ ကြောင်းမဲ့ခုတ်ထွင်ခြင်းများ မပြုလုပ်စေရေးအ တွက် By Law များဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတကာတွင်လည်း သစ်ပင်များခုတ် ထွင်ရှင်းလင်းခြင်းနှင့်ပတ်သက်၍ ဥပဒေများဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် သစ်ပင်သစ်တောများထိန်းသိမ်းရေးနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနသာမက အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးတွင်လည်းတာဝန် ရှိသဖြင့် ပြင်ဦးလွင်ဒေသ စိမ်းလန်းသာယာစိုပြေရေးအတွက် သစ်ပင်သစ်တောများပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်းများကို ဆောင်ရွက်ကြရမည်ဟု မှာ ကြားသည်။
ထို့ပြင် ပြင်ဦးလွင်မြို့အား ယခင်ကပင် ပန်းမြို့ တော်၊ ချယ်ရီမြို့တော်၊ တောင်လှေကားမြို့တော်တို့အဖြစ်တင်စားခေါ်ဆိုမှုများနှင့်အညီ ကိုက်ညီသည့်မြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ လက်ရှိအချိန်တွင် ပြင်ဦးလွင်ဒေသ၌ လာရောက်နေထိုင်သူများပြားလာပြီး မြို့နေလူဦးရေတိုးပွားလာခဲ့၍ သမိုင်းကြောင်းစဉ်လာကြီးမားပြီး နာမည်ဂုဏ်ဒြပ်ကောင်းများနှင့် ပြည့်စုံသည့်မြို့အဖြစ် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဟု မှာကြားသည်။
” ပြင်ဦးလွင်ရဲ့ဂုဏ်ကိုဖော်ညွှန်းထားတဲ့ အမည်နာမတွေနဲ့ကိုက်ညီအောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရပါမယ်။ အစိုးရအနေနဲ့ မူဝါဒချမှတ်ပေးမှာဖြစ်သလို အဲဒီမူဝါဒကို အကောင်အထည် ဖော်ရမှာက ဌာနဆိုင်ရာတွေရဲ့ တာဝန်ဘဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။