အီရတ်တွင် အထပ်မြင့် ၁၄ လွှာမှ ပြုတ်ကျသေဆုံးခဲ့သည့် မြန်မာအမျိုးသမီးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေး မြန်မာသံရုံး ကြိုးပမ်းနေ


အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၆
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ Nasim City အိမ်ရာဝင်းအတွင်းရှိ အဆောက်အဦ ၁၄ လွှာမှ ပြုတ်ကျသေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများရရှိရန် ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ် ကရင်တိုင်းရင်းသူ မမေဇင်ထွန်းသည် အောက်တိုဘာ ၂၇ ရက်က အထပ်မြင့် ၁၄ လွှာမှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မသေဆုံးမီ အိမ်ရှင်နှင့် ပြဿနာဖြစ်ပွားကာ အေးဂျင့်၏အကူအညီ တောင်းခံခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။ ကူဝိတ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ကူဝိတ်နိုင်ငံရှိ အီရတ်သံရုံးမှတစ်ဆင့် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်ကာ တရားဥပဒေနှင့်အညီ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းမေတ္တာရပ်ခံထားပြီး၊ ကွယ်လွန်သူ၏ မိသားစုနှင့်လည်း တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အီရတ်အာဏာပိုင်များကလည်း လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

