တနင်္သာရီတိုင်းဒေသကြီးအတွင်း အိမ်ထောင်စု ၃,၄၀၀ ခန့်၊ လူဦးရေ ၁၈,၀၀၀ ကျော် ရေဘေးကြုံတွေ့နေရ


စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ထောင်စု ၃,၃၉၇ စု၊ လူဦးရေ ၁၈,၇၁၂ ဦး ရေဘေးကြုံတွေ့နေရပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်သည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးမှ သိရပါတယ်။


အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ အချိန်မီ ဆောင်ရွက်ပေးရန်နှင့် စက်ယန္တရားများ ပေးပို့သွားရန် လမ်းညွှန်ပြောကြားခဲ့ပါတယ်။ ထားဝယ်မြို့တွင် စက်တင်ဘာလ ၂၆ ရက်မှစ၍ နှစ်ပေါင်း ၈၀ အတွင်း စံချိန်တင် မိုးရွာသွန်းကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသလို၊ လောင်းလုံးမြို့နယ်တွင်လည်း ထိခိုက်မှုများ ရှိခဲ့သဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။
လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာ စသည့် အခြေခံစားသောက်ကုန် ငါးမျိုးကို တစ်ပတ်စာ ထောက်ပံ့ပေးထားပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။


