နယူးယောက်တိုင်းမ်း၏ နည်းပညာအမှုဆောင်တစ်ဦးကို ယောက္ခမအိုနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် နယူးယောက်တိုင်းမ်း (New York Times) သတင်းစာတိုက်၏ နည်းပညာအမှုဆောင် ဒါရိုက်တာတစ်ဦး ဖြစ်သူ အသက် ၄၀ အရွယ် ဂျိုနသန် မက်ကင်ဆေး (Jonathan McKinsey) သည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီးနောက် ၎င်း၏ ယောက္ခမဖြစ်သူ သက်ကြီးရွယ်အို ဇနီးမောင်နှံကို လူသတ်မှု မသင်္ကာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
မက်ကင်ဆေး၏ ရုပ်အလောင်းကို ဆန်ဖရန်စစ္စကိုမြို့အနီး ဒါဘလင်မြို့ရှိ မော်တော်ယာဉ် ရပ်နားစခန်းတစ်ခုအတွင်း၌ သေနတ်ဒဏ်ရာ အများအပြားဖြင့် စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၇၇ နှစ်အရွယ် ယောက္ခမများဖြစ်ကြသည့် ရှူယုံကျန်း (Shouyong Zhang) နှင့် ရှီလီချန် (Shili Chen) တို့သည် ပစ်ခတ်မှုအပြီး အခင်းဖြစ်ပွားရာနေရာ အနီး၌ပင် မိနစ်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရပြီး ပထမအဆင့် လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတို့အပါအဝင် စွပ်စွဲချက်များစွာဖြင့် တရားစွဲဆိုခံထားရကာ စက်တင်ဘာလ ၃၀ ရက်တွင် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်မည် ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ရသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း မက်ကင်ဆေးနှင့် ၎င်း၏ဇနီးတို့သည် တရားဝင် ကွာရှင်းပြတ်စဲရန်နှင့် ကလေးအုပ်ထိန်းခွင့်အတွက် တရားရုံး၌ အပြင်းအထန် အငြင်းပွားနေချိန်ဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် တရားရုံး မှတ်တမ်းများအရ မက်ကင်ဆေးသည် ယခင်က ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များဖြင့် တရားစွဲဆိုခံထားရဖူးသကဲ့သို့ ယောက္ခမဖြစ်သူနှင့်လည်း ဆဲဆိုမှုများ အဆင်မပြေဖြစ်ပွားခဲ့ဖူးကြောင်း သတင်းရရှိပါတယ်။
