ဖနွမ်းပင်၌ နည်းပညာသုံး လိမ်လည်မှု သံသယဖြင့် ဗီယက်နမ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီး

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ နည်းပညာသုံး လိမ်လည်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသည့် နေရာများကို အာဏာပိုင်များ စီးနင်းရာ ဗီယက်နမ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးမိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈,၉၀၀ အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာလ ၂၃ ရက်က ဖနွမ်းပင်မြို့ 7 Makara ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့သည် အစိုးရရှေ့နေများနှင့် ပူးပေါင်း၍ နည်းပညာသုံး လိမ်လည်မှုများနှင့် ဆက်နွှယ်သည်ဟု သံသယရှိသော ကွန်ဒိုများ၊ တိုက်ခန်းများနှင့် ဟိုတယ်များကို ဝင်ရောက်စစ်ဆေးခဲ့ရာ Veal Vong ရပ်ကွက်ရှိ Olympia ကွန်ဒိုနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံတစ်ခု၌ အဆိုပါ ဗီယက်နမ်နိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။
ဝင်ရောက်စီးနင်းစဉ် Laptop ၂ လုံး၊ မိုဘိုင်းဖုန်း ၁၂ လုံး၊ အမေရိကန်ဒေါ်လာ ၂၈,၉၀၀၊ ကမ္ဘောဒီးယားငွေ ရီယယ်တစ်သန်းနှင့် မူးယစ်ဆေးဝါးဟု သံသယရှိသည့် အဖြူရောင်အမှုန့် ပါဝင်သော အထုပ်ငယ်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ လက်ရှိတွင် ဖမ်းဆီးထားသည့် သံသယရှိသူများကို ဥပဒေအတိုင်း အရေးယူနိုင်ရန် ဖနွမ်းပင် ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
