ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အများစု မိသားစုထံ ငွေလွှဲရာတွင် တရားမဝင် ပွဲစားများကိုသာ အဓိက အသုံးပြုနေဟု ISP ထုတ်ပြန်

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် မိသားစုထံ ငွေလွှဲပြောင်းရာတွင် တရားဝင် လိုင်စင်မရှိသည့် ပွဲစားများနှင့် ဟွန်ဒီစနစ်များကိုသာ အဓိက အသုံးပြုနေကြကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) ၏ အစီရင်ခံစာကို ကိုးကား၍ Thai PBS World သတင်းတွင် ဖော်ပြထားပါတယ်။
အဆိုပါ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်း (IOM) ၏ လေ့လာချက်များတွင် ထိုင်းရောက် မြန်မာလုပ်သား ငွေလွှဲသူ စုစုပေါင်း၏ ၉၃ ရာခိုင်နှုန်းသည် တရားမဝင် လမ်းကြောင်းများကို အသုံးပြုခဲ့ကြပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းမှာ ဟွန်ဒီစနစ်ကို အသုံးပြုခဲ့ကြကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် တရားမဝင် ငွေလွှဲပြောင်းမှု စုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းခန့်မှာ ထိုင်းနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ပြီး အဆိုပါ ပမာဏသည် တရားဝင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများထက် သုံးဆမှ ငါးဆအထိ ပိုမိုများပြားနိုင်ကြောင်း သုံးသပ်ထားပါတယ်။
ISP နှင့် Nelson Mandela Center တို့ ပူးတွဲပြုစုသည့် အစီရင်ခံစာ၌ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ပေးခြင်းထက် တရားဝင် ရွှေ့ပြောင်းသွားလာရေး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူချောမွေ့အောင် ပြုလုပ်ပေးရန် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။ ထို့ပြင် နှစ်နိုင်ငံ အစိုးရများအနေဖြင့် ငွေလွှဲပြောင်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ရွှေ့ပြောင်းလုပ်သား သွားလာမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့ကို ပေါင်းစပ်ကာ လုပ်ငန်းစဉ်တစ်ခုတည်းအဖြစ် ပူးပေါင်းဆောင်ရွက်ကြရန်ပါ တိုက်တွန်းထားကြောင်း သတင်းရရှိပါတယ်။
Ref: Thai PBS World
