တူရကီတွင် ကျောင်းတစ်ကျောင်းအပြင်ဘက်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ကျောင်းသား ၁၁ ဦး ဒဏ်ရာရရှိ

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၆
တူရကီနိုင်ငံ၊ မာနီဆာပြည်နယ်၊ တာဂတ်လူခရိုင်ရှိ Inci Uzmez Vocational and Technical Anatolian အထက်တန်းကျောင်းအနီး၌ စက်တင်ဘာလ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား အနည်းဆုံး ၁၁ ဦး ဒဏ်ရာရရှိခဲ့ရာ နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း တရားရေးဝန်ကြီး အကင်ဂါလက်က ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်မှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးက အဘိုးဖြစ်သူ၏ လိုင်စင်ဝင် ရိုင်ဖယ်သေနတ်ကို ယူဆောင်ကာ ကျောင်းရှေ့တွင် အရမ်းကာရော ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။ သံသယရှိသူ ကျောင်းသားအား ၎င်း၏ မိဘနှစ်ဦး၊ အဘိုးဖြစ်သူတို့နှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်ရရှိခဲ့သည့် အခြေအနေနှင့် ကျောင်းတွင်း အနိုင်ကျင့်ခံရမှု စွပ်စွဲချက်များအပါအဝင် ရှုထောင့်ပေါင်းစုံမှ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

တူရကီနိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း ကျောင်းတွင်း သေနတ်ပစ်ခတ်မှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးခန့် သေဆုံးခဲ့ရသဖြင့် လက်နက်ထိန်းချုပ်ရေးနှင့် ကျောင်းလုံခြုံရေး အစီအမံများကို တင်းကျပ်ထားချိန်တွင် ယခုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ သမ္မတ ရီဆက် တေရစ် အာဒိုဂန်ကလည်း သေနတ်ထိန်းချုပ်မှု စည်းမျဉ်းများကို ယခုထက် ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
