ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများအတွက် ပန်းရောင်မှတ်ပုံတင်ကတ်ပြား တရားမဝင် ပြုလုပ်ပေးသည့် ကွန်ရက်ကို ဖမ်းဆီးရမိ

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ ပြည်နယ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် တရားမဝင် သန်းခေါင်စာရင်းနှင့် ပန်းရောင်မှတ်ပုံတင်ကတ်ပြား (သုညအစပြု ကတ်ပြား) များ ထုတ်ပေးနေသည့် ကွန်ရက်တစ်ခုအား ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ တရားမဝင် ကွန်ရက်တွင် ပါဝင်သည့် အစိုးရဝန်ထမ်း ၄ ဦး၊ အိမ်ထောင်ဦးစီးနှင့် အာမခံပေးသူ ၁၀ ဦး၊ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦး၊ စုစုပေါင်း လူ ၃၃ ဦးအား တရားရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ပြီး လက်ရှိတွင် ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးချက်များအရ ပတ်စပို့စာအုပ်နှင့် ရွှေ့ပြောင်းလုပ်သား ကတ်ရှိပြီးသား မြန်မာနိုင်ငံသားများကို ပန်းရောင်ကတ် လျှောက်ထားပိုင်ခွင့် မရှိပါဘဲ ပွဲစားများနှင့် မှတ်ပုံတင်အရာရှိများ ပူးပေါင်း၍ တရားမဝင် စီစဉ်ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် အနုတင် ချာဝီရကွန်၏ ညွှန်ကြားချက်အရ “Pit Chak Rang Ngao 2” စစ်ဆင်ရေးဖြင့် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကန်ချာနာဒစ်နှင့် ကော့စမွီ မြို့နယ်များအထိ ကွင်းဆက်များ ချဲ့ထွင် စစ်ဆေးလျက် ရှိပါတယ်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် အဆိုပါ တရားမဝင် ကွန်ရက်များကို ဆက်လက် စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကာ မသင်္ကာဖွယ်ရာ သတင်းအချက်အလက်များ ရှိပါက တိုက်ရိုက်ဖုန်းလိုင်း ၁၅၉၉ သို့ သတင်းပေးပို့နိုင်ကြောင်း အသိပေးထားပါတယ်။
source: The Nation Thailand
