ထိုင်းနိုင်ငံရှိ မူကြိုကျောင်းတစ်ခု၌ ဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ကလေးငယ်များ ဘေးကင်းပြီး ကျူးလွန်သူမှာ ဆရာမ၏ ခင်ပွန်း ရဲအရာရှိဟုဆို

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ခရိုင်ရှိ မူကြိုကျောင်းတစ်ကျောင်းအတွင်း ယနေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ကျောင်းဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော်လည်း ကျောင်းသား/သူ ၄၄ ဦးလုံး ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ဘန်လာမောင်း (Bang Lamung) မြို့နယ်၊ နောင်ပလာလိုင် မူကြိုကျောင်း၌ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကျောင်းထမင်းစားဆောင်အတွင်း အသက် ၄၈ နှစ်အရွယ် ဆရာမ ပိုင်လင်း (Pailin) မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များက ကျောင်းအတွင်းရှိ ကလေးငယ်များအား ဘေးကင်းရာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးခဲ့ပြီး မိဘများထံ အပ်နှံကာ ကျောင်းကိုလည်း ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အမျိုးသားတစ်ဦးသည် ဆရာမ ပိုင်လင်းထံ လာရောက်စကားပြောပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ကာ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပါတယ်။ သံသယရှိသူမှာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ လက်ရှိတာဝန်ထမ်းဆောင်နေသော ဒုတိယရဲအုပ် သတ်ဆာဖုန်း သောင်သတ် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားပြီး၊ ၎င်း၏ နေအိမ်သို့ သွားရောက်ပိတ်ဆို့ကာ လက်နက်ချရန် ညှိနှိုင်းလျက်ရှိကြောင်းနှင့် ပစ်ခတ်ရသည့် အကြောင်းအရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
