ဒရာမာနှင့် ရသစုံ “ထိကရုံး” (The Shame Plant) ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ ကျင်းပ

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆
Lucky 10 Production မှ ရိုက်ကူးထုတ်လုပ်သည့် ဒရာမာနှင့် ရသစုံဇာတ်လမ်းပုံစံ “ထိကရုံး” (The Shame Plant) ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ Mercure Hotel ၌ ကျင်းပခဲ့ပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း/ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ တွဲဖက်ဒါရိုက်တာ ဝင့်ဥမ္မာကျော်တို့နှင့်အတူ ဒါရိုက်တာ သားညီ က ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင် ဟိန်းသီဟ၊ ယုသန္တာတင်၊ သားညီ၊ မင်းဦး၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ဧကရီစုစံ၊ အနှစ်၊ မေမီလင်း၊ အောင်ခိုင်၊ ဒေါင်းဝေ၊ ဝါဝါအောင်တို့အပါအဝင် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး၊ ဇာတ်ဝင်သီချင်းကို အဆိုတော် ညီမင်းခိုင် က သီဆိုပေးထားပါတယ်။

သရုပ်ဆောင် ဟိန်းသီဟက ယခုဇာတ်ကားတွင် အိမ်ထောင်သည် အမျိုးသားတစ်ဦးဖြစ်သည့် “ရဲမာန်” ကာရိုက်တာဖြင့် အဓိက ပါဝင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ “ထိကရုံး” ဇာတ်လမ်းတွဲကို လာမည့် စက်တင်ဘာ ၄ ရက်မှစ၍ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၆ နာရီတိုင်း Hey Play နှင့် Channel 7 ရုပ်သံလိုင်းတို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။
