နာမည်ကြီး အနုပညာရှင်များနှင့်အတူ ခမ်းခမ်းနားနား ကျင်းပခဲ့သည့် Today Wedding Studio ၏ (၂) နှစ်ပြည့် Anniversary နှင့် Wedding Show

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၆
အဆိုတော် စိန်လင်း ဦးစီးတည်ထောင်ထားသည့် Today Wedding Studio ၏ (၂) နှစ်ပြည့် Anniversary နှင့် Today Wedding Show ပွဲကို ဩဂုတ်လ ၂၉ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Sky Star Hotel ၌ နာမည်ကြီး အနုပညာရှင်ပေါင်းများစွာဖြင့် ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲသို့ ဝေဠုကျော်၊ နေထူးနိုင်၊ ဥက္ကာကျော်၊ စိုးရန်အောင်၊ ထွန်းကိုကို၊ ရဲလွင်ဦး၊ မေသန်းနု၊ ဆုပန်ထွာ၊ သက်သခင်၊ နဒီဝင့်နိုင်၊ ပွင့်နဒီမောင်၊ နန်းဆုဦး၊ ချောရတနာ၊ မြသင်းချယ်၊ ထက်ထက်ထွန်း၊ သဒ္ဒါနန်းထိုက်၊ ချယ်ရီသင်း၊ မေထွဋ်ခေါင်၊ သန္တာဗိုလ်၊ ခေးဆက်သွင်၊ နန်းခင်ဇေယျ၊ ရတနာမိုင်၊ အိုင်းရစ်လေပြေဦး၊ စိုးစန္ဒာထွန်း၊ ရေကြည်ချမ်းမြ၊ မီကိုခန့်နှင့် မြတ်နိုးပွင့် အပါအဝင် အနုပညာရှင် ၇၀ ကျော် စေတနာ မေတ္တာအပြည့်ဖြင့် ပါဝင်ကူညီ တက်ရောက်ခဲ့ကြပါတယ်။

ပွဲစဉ်အတွင်း မြန်မာ့ရိုးရာ မင်္ဂလာထိုင်မသိမ်းများ၊ နောက်ဆုံးပေါ် ရွှေဖူးနွယ်ထိုင်မသိမ်း၊ ခရစ္စတယ်ထိုင်မသိမ်းနှင့် အနောက်တိုင်း ဂါဝန်မင်္ဂလာဝတ်စုံများကို ချပြခဲ့သည့်အပြင် ကျောက်ဆည်ဆင်များနှင့်အတူ သရုပ်ဆောင် နေထူးနိုင် မိသားစု၏ ရှင်ပြုရဟန်းခံ အလှူသရုပ်ပြ တင်ဆက်မှုများကိုပါ ထည့်သွင်းပြသခဲ့ပါတယ်။
Today Wedding Studio ၏ ပိုင်ရှင် အဆိုတော် စိန်လင်းက ၎င်းတို့အနေဖြင့် မင်္ဂလာပွဲ ဝန်ဆောင်မှုများအပြင် အလှူရှင်ပြုပွဲ ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးနေခြင်းဖြစ်ရာ ယခုပွဲတွင် သတို့သား၊ သတို့သမီးများအတွက် အခမ်းနားဆုံး ဖက်ရှင်များနှင့် အလှူရှင်ပြုခန်းမ ပြသမှုများကိုပါ ပေါင်းစပ်ဖန်တီး ချပြခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
