Website မှတစ်ဆင့် Digital Smart မီတာအသစ်များလျှောက်ထားမှု ဩဂုတ် ၂၈ ရက်အထိ ၉၆၈၆ ဦးရှိပြီး ပြည့်စုံသည့်လျှောက်ထားမှု ၇၀၀၀ ကျော်ကို ဆောင်ရွက်လျက်ရှိရာ မီတာအသစ် ၁၃၀၀ ကျော် တပ်ဆင်ပြီးစီး

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၆
Website မှတစ်ဆင့် Digital Smart မီတာအသစ်များလျှောက်ထားမှု ဩဂုတ် ၂၈ ရက်အထိ ၉၆၈၆ ဦးရှိပြီး ပြည့်စုံသည့်လျှောက်ထားမှု ၇၀၀၀ ကျော်ကို ဆောင်ရွက်လျက်ရှိရာ မီတာအသစ် ၁၃၀၀ ကျော် တပ်ဆင်ပြီးစီးထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဩဂုတ် ၃၀ ရက်ထုတ်ပြန်မှုအရ သိရပါတယ်။
Digital Smart မီတာအသစ်များကို Website မှ လျှောက်ထားခြင်း ဩဂုတ် ၁၅ ရက်က စတင်ပြီးခွင့်ပြုခဲ့ရာ လျှောက်ထားမှုများအပေါ် ဌာနမှ ဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် အခြေအနေများကို အသိပေးကြေညာခဲ့ခြင်းဖြစ်ပါတယ်။
ထိုသို့ Digital Smart မီတာအသစ်များကို Website မှတစ်ဆင့်လျှောက်ထားခဲ့ရာ ဩဂုတ် ၁၅ ရက်မှ ၂၈ ရက်ထိလျှောက်ထားသူ ၉၆၈၆ ဦးရှိပြီး အဆိုပါလျှောက်လွှာများထဲတွင် ဌာနမှသတ်မှတ်ထားသော အချက်အလက်အထောက်အထားများ မပြည့်စုံခြင်း/ မကိုက်ညီခြင်းတို့ကြောင့် လျှောက်လွှာ ၂၄၈၂ စောင်ကို လျှောက်ထားသူများထံ ပြန်လည်အကြောင်းကြားပေးပိုခဲ့ကြောင်း သိရပါတယ်။
ထို့နောက် ပြည့်စုံသောလျှောက်ထားမှု ၇၂၀၄ စောင်အား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ တပ်ဆင်ပြီးစီးမှုမှာ ၁၃၃၁ လုံးဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှောက်ထားသူများအား ဆက်လက်စိစစ်၍ Digital Smart Meter အသစ်များကို အမြန်ဆုံးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ Website မှတစ်ဆင့် လျှောက်ထားမှုစနစ်အရ ဝန်ဆောင်မှုကို လျင်မြန်စွာပေးနိုင်သဖြင့် လျှောက်ထားပြီး ၂၇ နာရီအတွင်း ပထမဦးဆုံးမီတာကို စတင်တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် လျှောက်ထားရာတွင် အခက်အခဲဖြစ်ပေါ်နေပါက ဌာနမှအချိန်နှင့် တစ်ပြေးညီဆောင်ရွက်ပေးနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်) – ၀၆၇-၃၄၁၀၄၆၀၊ (ခ) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) – ၁၇၁၇၊ (ဂ) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်း (MESC) – ၁၆၁၆၊ ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line)၊ (ဃ) ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ- ၀၆၇-၃၄၁၀၄၀၇၊ ၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်းနှင့် User Guide အား ဝန်ကြီးဌာန Website (www.moee.gov.mm)တွင် ဖော်ပြထားကြောင်း သိရပါတယ်။
လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် ဌာနမှသတ်မှတ်ချက်ဖြင့် ကိုက်ညီသောလျှောက်ထားမှုများအတွက် သတ်မှတ်ကြေးပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားများသည် ယခင်အတိုင်းပြောင်းလဲခြင်းမရှိဘဲ ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
