MFF Futsal League ပြိုင်ပွဲဝင် Gold Dream FC အသင်း၏ လူငယ်ကစားသမားနှစ်ဦး ၁၁ ရက်ကြာ ပျောက်ဆုံးနေ၍ ဝိုင်းဝန်းကူညီ ရှာဖွေပေးရန် မေတ္တာရပ်ခံ

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၆
MFF Futsal League တွင် ပါဝင်ယှဉ်ပြိုင်နေသည့် Gold Dream FC အသင်းမှ ကစားသမားနှစ်ဦးဖြစ်ကြသော ကျောနံပါတ် (၁၇) သီဟအောင် (၂၁ နှစ်) နှင့် ကျောနံပါတ် (၁၁) စွမ်းထက်ကျော် (၁၈ နှစ်) တို့ နှစ်ဦးမှာ ၁၁ ရက်တိုင်တိုင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

၎င်းတို့နှစ်ဦးသည် ဩဂုတ် ၁၉ ရက် နေ့လယ် ၃ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ Royal Noka FC အသင်းနှင့် ပွဲစဉ်အပြီးတွင် ပြန်လာခဲ့ကြရာ မြောက်ဒဂုံ (၅၀) ကွေ့သို့ ရောက်ရှိချိန်အထိ အဆက်အသွယ်ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။

အသင်းအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် လူပျောက်အမှုဖွင့်ထားသည့်အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူများနှင့်အတူ လိုက်လံရှာဖွေလျက်ရှိသော်လည်း မတွေ့ရှိသေးသဖြင့် ပျောက်ဆုံးနေသူ မိသားစုဝင်များကလည်း အထူးစိုးရိမ်ပူပန်နေကြပါတယ်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးအား မည်သည့်နေရာတွင်မဆို တွေ့ရှိသူ သို့မဟုတ် သတင်းအချက်အလက် သိရှိသူများရှိပါက အသင်းဖုန်းနံပါတ် 09420294760 သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန်နှင့် ဝိုင်းဝန်းသတင်းမျှဝေပေးကြပါရန် Gold Dream FC က မေတ္တာရပ်ခံထားပါတယ်။
