‘အမ် ဆိုင်ယာနိုက်’ ဟု နာမည်ကျော်သည့် ကွင်းဆက်လူသတ်သမားအမျိုးသမီးကို ထိုင်းတရားရုံးက ဒုတိယအကြိမ် သေဒဏ်စီရင်ချက်ချ

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံတွင် “အမ် ဆိုင်ယာနိုက်” (Aem Cyanide) ဟု လူသိများသည့် အသက် ၃၉ နှစ်အရွယ် ကွင်းဆက်လူသတ်သူ ဆာရာရတ် ရန်းဆီဝူသဖွန် (Sararat Rangsiwuthaporn) အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း နခွန်ပထုန်ခရိုင်၌ ကြွေးရှင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဒါရီနီ သက်ထာဝီ (Darinee Thepthawee) ကို အစားအသောက်ထဲ ပိုတက်ဆီယမ် ဆိုင်ယာနိုက် အဆိပ်ထည့်၍ ကြိုတင်ကြံစည် သတ်ဖြတ်ခဲ့မှုအတွက် ရာဇဝတ်တရားရုံးက ဩဂုတ်လ ၂၅ ရက် (အင်္ဂါနေ့) တွင် ဒုတိယအကြိမ် သေဒဏ် စီရင်ချက် ချမှတ်လိုက်ပါတယ်။
ဆေးရုံ၏ ရင်ခွဲစစ်ဆေးချက်များအရ သေဆုံးသူ ဒါရီနီသည် အဆိပ်ကြောင့် နှလုံး၊ အဆုတ်နှင့် အသည်း အပါအဝင် အတွင်းအင်္ဂါများ ပျက်စီးကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ ၎င်းတို့နှစ်ဦး ချိန်းဆိုစားသောက်ခဲ့ပြီး အဆိပ်စတင်ပြသည့် အချိန်အနီးတွင် ဆာရာရတ်သည် သေဆုံးသူနှင့်အတူ ရှိနေခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။ ဆာရာရတ်သည် ဒါရီနီထံမှ ဘတ် ၆၀,၀၀၀ ချေးငှားထားသည့်အပြင် စုကြေးဝိုင်း ၃ ဝိုင်းတွင်လည်း အတူပါဝင်ထားပြီး အခြား ကြွေးမြီများစွာ တင်ရှိနေသဖြင့် ကြွေးမြီများ ရှင်းထုတ်ရန် ယခုလူသတ်မှုကို ကြိုတင်ကြံစည် ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။
ဆာရာရတ်သည် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ခရိုင် ၇ ခု၌ ငွေကြေးကြွေးမြီများ ရှင်းထုတ်ရန် ရည်ရွယ်ချက်ဖြင့် လူ ၁၅ ဦးကို အဆိပ်ခတ်ခဲ့ရာ ၁၄ ဦး သေဆုံးပြီး ၁ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ယခုအမှုသည် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဆိရီဖွန် ခန်ဝေါင်း (Siriporn Khanwong) သေဆုံးမှုမှတစ်ဆင့် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တရားလိုရှေ့နေများက သူမအား လူသတ်မှု ၁၄ မှုနှင့် လူသတ်ရန် ကြံစည်မှု ၁ မှု၊ စုစုပေါင်း အမှု ၁၅ မှုဖြင့် တရားစွဲဆိုထားရာ တရားရုံးက ယခင်စွဲဆိုထားသည့် အခြား ၆ မှုအတွက် သေဒဏ် ၁ မှု၊ ထောင်ဒဏ်တစ်သက် ၂ မှုနှင့် အပြစ်မှ လွတ်မြောက်ခွင့် ၃ မှု စီရင်ထားပြီး ဖြစ်ပါတယ်။
