// | DailyBriefNews အွန်လိုင်းလောင်းကစားများ ထိရောက်စွာ တိုက်ဖျက်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်း -

အွန်လိုင်းလောင်းကစားများ ထိရောက်စွာ တိုက်ဖျက်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်း

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၆

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (ဩဂုတ် ၂၅ ရက်) တွင် ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးကျော်မင်းထက်က အွန်လိုင်းလောင်းကစားများ ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ အရေးယူ ဆောင်ရွက်ပေးရန် ကြယ်ပွင့်ပြ မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းဝင့်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က မြေပြင်တွင် Kpay၊ Wave Pay ကဲ့သို့ Mobile Wallet များနှင့် ပြည်တွင်း ဘဏ်အကောင့်များကို ချိတ်ဆက်ကာ အွန်လိုင်းလောင်းကစား ငွေသွင်းငွေထုတ်များ ဆက်လက် ပြုလုပ်နေကြဆဲဖြစ်သဖြင့် အဆိုပါ ဘဏ်အကောင့်များကို နောက်ယောင်ခံလိုက်၍ ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ပေးရန် မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းမေးမြန်းမှုနှင့် ပတ်သက်၍ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးဝင်းဝင့်က တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးပါ “တိုင်းဒေသကြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တားဆီးနှိမ်နင်းရေးကော်မတီ” ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ သတင်းရယူခြင်း၊ ကာလရှည် တည်းခိုသူများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ခြင်းများနှင့်အတူ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် အွန်လိုင်းလောင်းကစားမှု ၉ မှု၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ၁၁ မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှင်းလင်းခဲ့ပါတယ်။

ထို့အပြင် ပြည်ထဲရေးဝန်ကြီး ဦးဆောင်သည့် ကြီးကြပ်မှုကော်မတီဖြင့်လည်း အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေး ဥပဒေအတိုင်း ဆက်လက် ကြပ်မတ်ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သန်လျင် စိန်ကုန်းဗလီ တရားမဝင် တိုးချဲ့ဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်း ပြန်လည်ဖြိုဖျက်ပြီးစီး
Next post တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်စက်တင်ဘာလအတွင်း BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိန္ဒိယသို့ သွားရောက်ဖွယ်ရှိ