မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၄ ခုတွင် မြန်မာဒုက္ခသည်များ၏ ဇီဝအချက်အလက် ကောက်ယူရေး လုပ်ငန်းများ ကြန့်ကြာနေ

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ ခုမှာ မြန်မာဒုက္ခသည်တွေရဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူနေပေမဲ့ မဲဆန္ဒရှင်စာရင်း ပြင်ဆင်တာနဲ့ သန်းခေါင်စာရင်း ကောက်ယူတာတွေမှာ တာဝန်ရှိသူတွေ ပူးတွဲပါဝင်နေရတာကြောင့် ခရိုင် ၄ ခုမှာ သတ်မှတ် ၁ နှစ်တာကာလအတွင်း မပြီးစီးနိုင်သေးကြောင်း ပြည်နယ်ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက ဩဂုတ် ၄ ရက်မှာ ပြောပါတယ်။
ဒုက္ခသည် အများဆုံးလက်ခံထားတဲ့ ခရိုင် ၇ ခုမှာတော့ အချက်အလက် ကောက်ယူတာ ပြီးစီးသွားပြီဖြစ်ပြီး၊ အနည်းငယ်သာရှိတဲ့ မီဇိုရမ်တောင်ပိုင်းက နာသီယားလ်၊ ကောလာဆစ်၊ ဆဲရ်ဟစ်ပ်နဲ့ လောင်းတလိုင် ခရိုင် ၄ ခုမှာတော့ ကြန့်ကြာနေတာပါ။
နာသီယားလ်ခရိုင်မှာဆိုရင် ဒုက္ခသည် ၆၂၂ ဦးရှိတဲ့အနက် ၅၆၃ ဦး (၉၀ ဒသမ ၅၁ ရာခိုင်နှုန်း) သာ ကောက်ယူနိုင်သေးတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကုန်ပိုင်းက စတင်ခဲ့တဲ့ ဒီလုပ်ငန်းစဉ်အရ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည် စုစုပေါင်း ၂၉,၅၇၇ ဦးအနက် ၂၉,၂၄၈ ဦး (၉၈ ဒသမ ၈၉ ရာခိုင်နှုန်း) ရဲ့ Biometric အချက်အလက်တွေကို ကောက်ယူပြီးစီးထားပြီး ဖြစ်ပါတယ်။
အချက်အလက် ကောက်ယူမှု ပြီးစီးခဲ့တဲ့ ခရိုင်တွေထဲမှာ ဒုက္ခသည် ၁၂,၀၈၃ ဦး ရှိတဲ့ နယ်စပ် ချမ်ဖိုင်ခရိုင်နဲ့ ၄,၁၅၉ ဦးရှိတဲ့ အိုင်ဇောလ်ခရိုင်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသကနေ ဝင်ရောက်လာတဲ့ ဒုက္ခသည် ၁,၆၇၉ ဦးရဲ့ အချက်အလက်တွေကိုလည်း ရာနှုန်းပြည့် ကောက်ယူပြီးစီးခဲ့ပြီးပြီလို့ သိရပါတယ်။
